စမတ်ကျတဲ့လူတစ်ယောက်ဆိုတာ ဘဝရည်မှန်းချက်တွေဆီ အောင်အောင်မြင်မြင် အရောက်သွားနိုင်ဖို့ လုံလောက်ပြည့်စုံတဲ့ စိတ်ပိုင်းနဲ့ ခံစားမှုအသိဉာဏ် ရှိနေသူကို ပြောတာ ဖြစ်ပါတယ်။ စမတ်ကျခြင်းဟာ ထက်ထက်မြက်မြက် ချက်ချက်ချာချာ ရှိတာကို ဆိုတာဖြစ်ပြီး ပြဿနာတစ်ခုကို ဖြေရှင်းရာမှာ သာမန်လူတွေထက် ပိုပြီး ထိရောက်ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ အဖြေရှာနိုင်သူတွေကို ပြောတာပါ။

သင်ဟာ ဒီလို စမတ်ကျတဲ့သူ ဟုတ်မဟုတ်ဆိုတာ အခုပြောမယ့်အချက်တွေနဲ့ တိုင်းတာနိုင်ပါတယ်။ ဒီအချက်တွေကို လိုက်နာပြီး ကိုယ်စမတ်ကျတာကို ထုတ်ပြောစရာမလိုဘဲ လူတွေသိအောင်လည်း လုပ်ဆောင်နိုင်ပါတယ်။

(၁) အချိန်ကို လေးစားပြပါ

Photo: Freepik

ချိန်းထားတဲ့ နေရာကို အမြဲတမ်း အချိန်မှန်ရောက်အောင်လာသူဟာ တာဝန်ယူမှုရှိပြီး ပင်ကိုယ်စရိုက်အား ကောင်းသူလို့ ဆိုနိုင်ပါတယ်။ အချိန်းအချက်လုပ်တိုင်း နောက်ကျတတ်သူဟာ မယုံကြည်ရတဲ့သူ ၊ စည်းကမ်းအားနည်းသူလို့ သတ်မှတ်နိုင်ပါတယ်။ ဒီလိုလူမျိုးကို စမတ်ကျတဲ့သူလို့ ပြောလို့ မရပါဘူး။ ဒါကြောင့် အချိန်ကို လေးစားပြပြီး ကိုယ်ဟာ စမတ်ကျတဲ့ လူတစ်ယောက်ဆိုတာ သက်သေပြနိုင်ပါတယ်။

(၂) ယဉ်ကျေးပါ

Photo; Freepik

ယဉ်ကျေးလိမ္မာခြင်းဟာ အဆင့်မြင့်ပြီး တစ်ကိုယ်ကောင်းစိတ်နည်းခြင်းကို ပြသနေတဲ့ လက္ခဏာဖြစ်ပါတယ်။ သက်ကြီးရွယ်အို ၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို ဦးစားပေးခြင်း ၊ စကားကို ချိုသာယဉ်ကျေးစွာ ပြောဆိုခြင်း စတဲ့ အမူအကျင့်ကောင်းတွေက ကိုယ်ဘယ်လောက်အဆင့်အတန်း ရှိသလဲဆိုတာကို ဖော်ပြနေပါတယ်။

(၃) ဝတ်တတ်စားတတ်ပါ

Photo: Freepik

Sense of Style လို့ခေါ်တဲ့ ဖက်ရှင်အမြင်ရှိခြင်းဟာ လေးစားလောက်တဲ့ အရည်အချင်းတွေထဲက တစ်ခုပါ။ အဝတ်အစား ဝတ်တတ်စားတတ်ခြင်းဟာ သင်ဘယ်လောက် စုစည်းပြီး အစီအစဉ်တကျနေထိုင်တတ်တယ်ဆိုတာကို သရုပ်သကန်ပေါ်လွင်စေပါတယ်။ စမတ်ကျကျဝတ်စားဆင်ယင်ခြင်းဆိုတာ အထက်တန်းကျကျ နေတတ်ထိုင်တတ်သူတွေရဲ့ အကျင့်လည်း ဖြစ်ပါတယ်။

(၄) ငွေကို ဉာဏ်နဲ့ယှဉ်ပြီး သုံးစွဲပါ

Photo: Freepik

တော်တဲ့သူဆိုတာ ငွေကို အမြော်အမြင်နဲ့ သုံးတတ်စွဲတတ်သူ ဖြစ်ပါတယ်။ ငွေကို စုလည်းစုသလို ဉာဏ်ပါပါလည်း သုံးစွဲသူတွေ ဖြစ်ပါတယ်။ လစဉ်အသုံးစာရင်းမှာ စည်းကမ်းထားသုံးသလို ဘယ်လိုနေရာတွေမှာ ရင်းနှီးမြှပ်နှံရမလဲပါ သိကြပါတယ်။