မနက်စောစောအိပ်ယာထခြင်းဟာ ကောင်းမွန်တဲ့အလေ့အကျင့်ကောင်းတစ်ခုဆိုတာ တော်တော်များများသိကြမယ်ထင်ပါတယ်။ ကျန်းမာတဲ့လူနေမှုဘဝတစ်ခုရရှိဖို့ မနက်ခင်းမှာစောစောအိပ်ယာထသင့်ပါတယ်။ သို့သော်လည်း မနက်စောစောအိပ်ယာထဖို့ ကိစ္စက သင့်အတွက်စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေတယ်ဆိုရင်တော့ အခုပြောပြမယ့်အချက်တွေလုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
(၁) ညဘက်မှာစောစောအိပ်ပါ
Source : MyFitnessPal Blog
ဒါကတော့ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ မနက်ခင်းစောစောအိပ်ယာထနိုင်ဖို့ ညဘက်တွေမှာစောစော အိပ်ယာဝင်ဖို့မဖြစ်မနေလိုအပ်ပါတယ်။ အိပ်စက်မှုကို အနှောက်ယှက်ဖြစ်စေမယ့် ဖုန်းတွေလက်တော့တွေစတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို အိပ်ချင်မတိုင်ခင် ၂နာရီလောက်အလိုထဲက ပိတ်ထားလိုက်ပါ။အိပ်ယာထဲရောက်တာနဲ့ စိတ်ဖိစီးမှုတွေလည်း အတက်နိုင်ဆုံးလျော့ချပြီး ကောင်းစွာအိပ်ပျော်သွားစေဖို့ကိုပဲ အဓိကအာရုံစိုက်သင့်ပါတယ်။
(၂) အိမ်မွေးတိရစ္ဆာန်လေးတွေမွေးပါ
Source : Daily Express
အိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်တဲ့ ခွေးလေးတွေကြောင်လေးတွေက သင့်အတွက် နိုးစက်တစ်ခုဆိုလည်း မမှားပါဘူး။ ကိုယ်က မနက် ၆ နာရီမှာအိပ်ယာထချင်တယ်ဆိုရင် ခွေးလေးတွေကြောင်လေးတွေရဲ့ မနက်စာစားချိန်ကို ၆ နာရီအတိမှာ သတ်မှတ်ထားပေးလိုက်ပါ။ သုံးလေးရက်လောက် မနက် ၆နာရီမှာ အစာကျွေးလိုက်မယ်ဆိုရင် သူတို့ရဲ့ မနက်စာစားချိန်ဟာ ၆ နာရီဆိုတာကို အလိုလိုသိသွားပါလိမ့်မယ်။ ဒါဆိုရင်တော့ သူတို့ဟာ မနက်ရောက်တာနဲ့ သင့်ကိုအစာကျွေးဖို့ လာနိုးမှာဖြစ်ပါတယ်။
(၃) စိတ်ကိုခိုင်းစေပါ
Source : Shutterstock
စိတ်ရဲ့စွမ်းအားတွေကိုလူတိုင်းလိုလိုပိုင်ဆိုင်ထားကြဆိုတာ မေ့နေကြပါတယ်။တကယ်တော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ စိတ်တွေကိုခိုင်းစေနိုင်ပါတယ်။ ဥပမာ မနက်ခင်းမှာအိပ်ယာကနေ မဖြစ်မနေ ထကိုထရမယ့်အကြောင်းအရာတစ်ခုကိုစဉ်းစားပြီး မနက် ၅ နာရီမှာနိုးရမယ်ဆိုတဲ့ စကားကို သင့်ကိုယ်သင့်ထပ်ခါတလဲလဲပြောပြပြီး စိတ်ကိုဖိအားပေးပါ။ဒါဆိုရင်တော့ အံ့သြစရာကောင်းလောက်အောင်ပဲ သင့်ပြောထားတဲ့အချိန်မှာ နိုးလာမှာဖြစ်ပါတယ်။
(၄) နိုးစက်ကိုဝေးဝေးမှာထားပါ
Source : Depositphotos
နိုးစက်သံကိုပိတ်ပြီး ပြန်အိပ်တက်တဲ့အကျင့်တစ်ခု လူအများစုပြုလုပ်လေ့ရှိကြပါတယ်။ ဒါကြောင့် သင့်အလွယ်တကူထပိတ်လို့မရတဲ့ လက်လှမ်းမမှီတဲ့နေရာတစ်ခုမှာ နိုးစက်ကိုထားထားပါ။ နိုးစက်သံကြားလို့ သင်နိုးလာတာနဲ့ နိုးစက်ပိတ်ပြီးအိပ်ယာထဲမှာပြန်လှဲလှောင်းတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ အရင်ဆုံးရေတစ်ခွက်သောက်ပြီး အိပ်ယာသိမ်းတာ ကိုယ်လက်လှုပ်ရှားမှုအနည်းငယ်ပြုလုပ်တာမျိုးလုပ်ဆောင်သင့်ပါတယ်။