ပိုကောင်းတဲ့ လူတစ်ယောက်ဆိုတာ သင့်ကိုယ်တင် မြှင့်တင်လိုက်တာပဲ ဖြစ်ပါတယ်။ ပိုပြီး ကျန်းမာပျော်ရွှင်တဲ့ လူတစ်ယောက် ၊ ကိုယ့်အတွက်ရော လူ့အဖွဲ့အစည်းအတွက်ပါ အသုံးဝင်တဲ့ လူတစ်ယောက်ဟာ ပိုကောင်းလာတဲ့ Better Person ပဲ ဖြစ်ပါတယ်။ ပိုကောင်းတဲ့ လူတစ်ယောက်ဆိုတာ ပိုပြီး အပြုသဘောဆောင်တဲ့ သဘောထားတွေ ခံယူကျင့်သုံးလာသူပါပဲ။
Better Person တစ်ယောက် ဖြစ်လာဖို့ လုပ်လို့ရတဲ့ နည်းလမ်းတွေက သင်ထင်သလောက် မခက်ပါဘူး။ လွယ်လွယ်လေးနဲ့ ပုံမှန်လုပ်ပေးလို့ ရပါတယ်။
(၁) အိမ်မွေးတိရစ္ဆာန် မွေးခြင်း
Photo: Freepik
အိမ်လုံခြုံအောင်လို့ ခွေးမွေးတာပဲ ဖြစ်ဖြစ် တိရစ္ဆာန်လေးတွေ ချစ်တတ်လို့ပဲ ငှက်ကလေးဘာလေး မွေးမွေး ဒီလုပ်ရပ်ကြောင့် သင်ဟာ နည်းနည်းချင်း ပြောင်းလဲလာနိုင်ပါတယ်။ အိမ်မွေးသတ္တဝါတစ်ကောင်ကို နေ့စဉ် ဂရုစိုက်မှုဟာ ကိုယ့်ရဲ့ အမြင်ကိုပါ ပြောင်းလဲနိုင်ပါတယ်။ သတ္တဝါတစ်ကောင်ကို စောင့်ရှောက်နေတယ်ဆိုတဲ့ အသိကြောင့် ပိုပြီး ကရုဏာစိတ် ဖြစ်လာနိုင်ပါတယ်။
(၂) အလှူဒါနပြုခြင်း
Photo: Freepik
ပရဟိတအလုပ်တွေမှာ ဝေယျာဝစ္စလုပ်ဆောင်ပေးတာဟာ လုပ်အားဒါနပြုတာ ဖြစ်ပြီး ရေဘေးမီးဘေး ဒုက္ခတွေ့သူတွေကို ငွေကြေးပစ္စည်းပစ္စယလှူဒါန်းတာဟာလည်း ပုံစံတစ်မျိုးနဲ့ သင့်ကို ပိုပြီး ကောင်းတဲ့သူ ဖြစ်လာစေပါတယ်။ ဒါနပြုသူဟာ စိတ်ကြည်ပါတယ်။ ကောင်းတဲ့ စိတ်ပဲ ရှေးရှုနေတာ ဖြစ်ပြီး လူ့အဖွဲ့အစည်းမှာ အကျိုးရှိတဲ့ လူသားကောင်းတစ်ဦးအဖြစ်လည်း ကိုယ့်ကိုယ်ကို ခံစားမိစေမှာပါ။
(၃) ဂေဟစနစ်နဲ့အညီ နေထိုင်ခြင်း
Photo: Freepik
သဘာဝလောကကြီးကို မထိခိုက်အောင် နေထိုင်ခြင်း ၊ တတ်စွမ်းသမျှ ကာကွယ်ထိန်းသိမ်းခြင်းဟာ ကိုယ်နေထိုင်ရာ မြေကမ္ဘာကို စောင့်ရှောက်နေတာ ဖြစ်ပါတယ်။ စွန့်ပစ်ပစ္စည်းနဲ့ အမှိုက်သရိုက်တွေ စည်းကမ်းမဲ့ မပစ်အောင် နေထိုင်တာ ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်အောင် ဂရုစိုက်တာဟာ ပိုကောင်းတဲ့ နိုင်ငံသားတစ်ယောက်ရဲ့ လုပ်ရပ်ကောင်း ဖြစ်ပါတယ်။
(၄) ဒေါသနည်းပြီး ခွင့်လွှတ်တတ်ခြင်း
Photo: Freepik
ခွင့်လွှတ်တတ်ခြင်းဟာ ရင့်ကျက်ခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ ရင့်ကျက်တည်ငြိမ်လာသူဟာ ပိုကောင်းတဲ့ သူဖြစ်ပါတယ်။ ဒေါသနည်းပါးလာခြင်း ၊ တတ်နိုင်သမျှ ရိုးရှင်းစွာ နေထိုင်ခြင်း ၊ လူတွေကို တတ်အားသမျှ ကူညီထောက်ပံ့ပေးခြင်း နဲ့ လူတွေရဲ့ စကားကို နားထောင်တတ်လာခြင်း စတဲ့ အရည်အသွေးကောင်းတွေ ကိုယ့်မှာ ရှိလာပြီဆိုရင် ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်ဖို့ အနီးဆုံးကို ရောက်လာပြီလို့ ဆိုနိုင်ပါတယ်။