လူတစ်ယောက်ဟာ ကျန်းမာဖျတ်လတ်နေဖို့ တစ်ပတ်မှာ သင့်တင့်တဲ့ အားကစား ၂ နာရီခွဲ ဒါမှမဟုတ် ခပ်ပြင်းပြင်း လေ့ကျင့်ခန်း ၁ နာရီခွဲလုပ်ပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက တိုက်တွန်းထားပါတယ်။ အခုလို COVID-19 ကြောင့် Stay Home လုပ်နေရချိန်မှာဆို ကျန်းမာကြံ့ခိုင်နေဖို့ဆိုတာ ပိုလို့တောင် အရေးကြီးပါတယ်။

အပြင်ထွက်ပြီး Workout လုပ်ဖို့ မဖြစ်နိုင်တဲ့ အခုလိုအချိန်မှာ ကျန်းမာကြံ့ခိုင်ဖို့ဆိုရင် ကိုယ့်အိမ်တွင်းမှာပဲ ကိုယ်လက်လှုပ်ရှားမှုလေးတွေ မပြတ်လုပ်ပေးရမှာပါ။ အရေးကြီးတာက လှုပ်ရှားမှု ရှိနေဖို့ပါပဲ။ ရိုးရှင်းတဲ့ ရေချိုးခန်း သန့်ရှင်းရေးလုပ်တာ ၊ အိမ်မှုဝေယျာဝစ္စဆောင်ရွက်တာက အစ နေ့တိုင်း မပျင်းမရိ ပုံမှန်လုပ်ပေးသွားဖို့ လိုပါတယ်။

Photo: urbanclap

တကယ်လို့ ခြံနဲ့ ဝင်းနဲ့ နေသူတွေဆိုရင်တော့ ခြံထဲဆင်း လမ်းလေးလျှောက် ၊ လေကောင်းလေသန့် ရှုရင်း လေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။ တကယ်လို့ တိုက်ခန်းနဲ့ နေရတယ်ဆိုရင်တော့ အခန်းထဲမှာ Squats ထိုင်တာ ၊ ဒိုက်ထိုးတာ ၊ Planking ထောက်တာ လုပ်နိုင်သလို အားကစားချိန်တစ်ချိန် သတ်မှတ်ပြီး YouTube မှာ ရှိတဲ့ အိမ်တွင်းမှာတင် လုပ်နိုင်မယ့် အားကစားတွေကိုကြည့်ပြီး ကိုယ်လက်လေ့ကျင့်ခန်း လုပ်လို့ရပါတယ်။

အာဟာရပြည့်အောင် စားဖို့လည်း လိုပါတယ်။ နေ့စဉ် စားတဲ့ အစားအသောက်ထဲမှာ စွမ်းအင်အတွက် ကာဗွန်ဟိုက်ဒရိတ် ၊ ဗိုက်တာမင် ဖြန့်ဝေဖို့နဲ့ စွမ်းအင်သိုလှောင်ဖို့ အဆီနဲ့ ဆဲလ်နဲ့ တစ်သျှူးတွေ ကြီးထွားစေဖို့ ပရိုတိန်းသုံးခု မျှပါစေ။ ကာဗွန်ဟိုက်ဒရိတ်အတွက် ပေါင်မုန် ၊ အာလူးစားပေးရမှာ ဖြစ်ပြီး အဆီနဲ့ ပရိုတိန်းအတွက် ထောပတ် ၊ အစေ့အဆံများ ၊ အသား ၊ ဥအမျိုးမျိုး ၊ ပဲနဲ့ နို့ထွက်ပစ္စည်းများ စားပေးသင့်ပါတယ်။

Photo: Freepik

ရုပ်ပိုင်းအပြင် နောက်ထပ် မဖြစ်မနေ လေ့ကျင့်ဖို့က စိတ်ပိုင်းပါပဲ။ Self-Quarantine လုပ်ချိန်မှာ ကိုယ့်ကိုယ်ကို ပျော်အောင် ထားဖို့ လိုပါတယ်။ စိတ်အေးချမ်းအောင် နေပါ။ သောကများခြင်းဟာ ကိုယ်ခံအားစနစ်ကို ချည့်နဲ့စေတယ်ဆိုတာ မှတ်ထားပါ။ ယောဂလိုမျိုး ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာပါ တစ်ခါတည်း လေ့ကျင့်တည်ဆောက်တဲ့ အလေ့အကျင့် လုပ်ဆောင်ပါ။

အာဟာရနဲ့ ကိုယ်လက်ကြံ့ခိုင်ရေး အလေ့အကျင့်တွေကို လုပ်ဖို့အတွက် နေ့စဉ်အချိန်တစ်ခု ပေးဖို့ လိုပြီး ထိထိရောက်ရောက်လည်း လိုက်နာသွားမယ်ဆိုရင် Self-Quarantine တစ်လျှောက်လုံး ကိုယ်လက်ကျန်းမာကြံ့ခိုင်မှာ အသေအချာပါပဲ။