အရွယ်ရောက်ပြီးသား အမျိုးသားတွေအတွက် ညစ်ညမ်းရုပ်ရှင် ကြည့်ရှုခြင်းဟာ အဆန်းတော့လည်း မဟုတ်ပါဘူး။ သို့သော် ညစ်ညမ်းရုပ်ရှင်တွေအပေါ် စွဲစွဲလန်းလန်းဖြစ်လာတဲ့အခါမှာတော့ သင့်ဘဝရဲ့ အခြားကဏ္ဍများစွာမှာပါ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ အရင် တစ်ခေါက်ဆောင်းပါးမှာလည်း ညစ်ညမ်းရုပ်ရှင်စွဲလန်းခြင်းရဲ့ ဆိုးကျိုးတွေအကြောင်း ပြောပြပေးခဲ့ပြီးဖြစ်တာကြောင့် ဒီတစ်ခေါက်မှာတော့ ညစ်ညမ်းရုပ်ရှင်စွဲလန်းခြင်းကို ရပ်တန့်လို့ ရနိုင်မယ့် နည်းလမ်းကောင်းတွေ ပြောပြပေးချင်ပါတယ်။

(၁) စိတ်ပိုင်းဖြတ်ပါ


Photo : Moral Revolution

ညစ်ညမ်းရုပ်ရှင်မှ မဟုတ်ပါဘူး တစ်စုံတစ်ခုသော စွဲလန်းမှုဖြစ်စဉ် တစ်ခုခုကို ရပ်တန့်ချင်တယ်ဆိုရင် ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှုတစ်ခု လိုအပ်ပါတယ်။ ပထမဦးဆုံး အဆင့်အနေနဲ့  ဆုံးဖြတ်ချက်တစ်ခု ခိုင်ခိုင်မာမာ ချမှတ်ဖို့ပါပဲ။ သင့်အနေနဲ့ ညစ်ညမ်းရုပ်ရှင်တွေ ကြည့်ရှု့ခြင်းကို အမှန်တကယ်ပဲ ရပ်တန့်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခု / စိတ်ပိုင်းဖြတ်မှုတစ်ခု အခိုင်အမာ ချမှတ်လိုက်ပါ။

(၂) အလေ့အကျင့် ကောင်းတစ်ခုနဲ့ အစားထိုးပါ


Photo : Everyday Health

အကျင့်ဆိုးတစ်ခုကို ဖယ်ရှားပစ်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ အဲဒီအကျင့်ဆိုးကို စွဲစွဲမြဲမြဲလုပ်ချင်လာတဲ့အခါတိုင်း အလေ့အကျင့် ကောင်းတစ်ခုနဲ့ အစားထိုးဖို့ပါပဲ။ ဥပမာအားဖြင့် သင့်အနေနဲ့ ညစ်ညမ်းရုပ်ရှင်ကြည့်ဖို့ စိတ်ကစွဲဆောင်လာတဲ့အခါတိုင်းမှာ လေ့ကျင့်ခန်းလုပ်ခြင်း ၊ ပြေးခြင်း ကဲ့သို့သော သင့်ကိုယ် ကျန်းမာစေမယ့် အလေ့အကျင့် ကောင်းတစ်ခုနဲ့ အာရုံပြောင်းကြည့်ဖို့ အကြံပြုချင်ပါတယ်။ လေ့ကျင့် ခန်းလုပ်ခြင်းဟာ လူတစ်ဦးရဲ့ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို တိုးတက်စေပြီး အင်တာနက်စွဲလန်းမှုကို လျော့ချပေးနိုင်ပါတယ်။

(၃) အဆက်သွယ်တွေ ဖြတ်တောက်ပါ


Photo : Time Out

သင့်အနေနဲ့ ညစ်ညမ်းရုပ်ရှင် ကင်းစင်သော လူနေမှုပုံစံဆီသို့ သွားဖို့ ရည်ရွယ်ထားတယ်ဆိုရင် သင့်ပတ်ဝန်းကျင်/ သင့်ရဲ့နေ့စဉ်အသုံးပြုနေတဲ့ ဆိုရှယ်မီဒီယာပေါ်က ဒီအရာတွေနဲ့ ဆက်နွယ်နေတဲ့ အရာတွေမှန်သမျှကို ဖြတ်တောက်ဖို့ လိုပါတယ်။ Porn ဝက်ဆိုဒ်တွေ ၊ Group တွေ ၊ ညစ်ညမ်းရုပ်ရှင်/ စာပေ App တွေအားလုံးကို သင့်ဖုန်း/ကွန်ပြူတာတွေထဲကနေ အပြီးတိုင် ဖျက်လိုက်ပါ။

(၄) Porn Blocker ဆော့ဖ်ဝဲများထည့်သွင်းပါ


Photo : The Center for Family Transformation

သင့်ရဲ့ ဖုန်း/လက်ပ်တော့ စတဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေမှာ Porn Blocker ဆော့ဖ်ဝဲ ထည့်သွင်းထားခြင်းဖြင့် ညစ်ညမ်းရုပ်ရှင်စွဲလန်းမှုပြဿနာကို ရပ်တန့်ဖို့ အကူညီဖြစ်စေပါလိမ့်မယ်။ Porn blocker ဆော့ဖ်ဝဲတွေဟာ ညစ်ညမ်းရုပ်ရှင်/ဝက်ဆိုဒ်တွေကို ကန့်သတ်ပေးထားမှာဖြစ်တာကြောင့် ညစ်ညမ်းရုပ်ရှင် စွဲလန်းခြင်းကို ရပ်တန့်ဖို့ ကြိုးစားနေသူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အထောက်အကူပြု ကိရိယာတစ်ခုပဲ ဖြစ်ပါတယ်။

Featured Photo : The Sun