ဘယ်သူကမှ လေးလံထိုင်းမှိုင်းခြင်းတွေနဲ့ တစ်နေ့တာကိုအစပြုချင်ပါ့မလား။ လူတိုင်းလူတိုင်းက မနက်ခင်းအိပ်ရာနိုးချိန်မှာ စိတ်ကြည်လင်ပေါ့ပါးစွာပဲ နိုးထပြီး တစ်နေ့တာလုံးကို ပေါ့ပါးသွက်လက်စွာဖြတ်သန်းချင်ကြမှာသေချာပါတယ်။ ဒီနေ့မှာတော့ စာဖတ်သူတွေအနေနဲ့ စိတ်ကြည်လင်ပေါ့ပါးစွာနဲ့ အိပ်ရာနိုးထနိုင်ဖို့ လိုက်နာသင့်တဲ့အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ပျော်စရာအတွေးတွေနဲ့စတင်ပါ

Source : iStock

အတွေးတွေက သင့်ရဲ့ စိတ်ခံစားမှုနဲ့ ဆက်စပ်နေတယ်ဆိုတာ သိပါသလား။ ရိုးရိုးရှင်းရှင်းလေးပါပဲ အပြုသဘောဆောင်တဲ့အတွေးတွေက သင့်ကိုပျော်ရွှင်မှုခံစားရစေမှာဖြစ်ပြီး မကောင်းတဲ့အတွေးတွေက သင့်ကိုစိတ်ဓာတ်ကျခြင်း စိတ်ညစ်ခြင်းတွေကို ခံစားရစေမှာပါ။ ဒါကြောင့်နေ့တစ်နေ့ရဲ့အစ မနက်ခင်းမှာ အတက်နိုင်ဆုံးစိတ်ညစ်စေမယ့် အတွေးတွေ ပြဿနာတွေကိုမေ့ဖျောက်ထားပြီး သင့်ကိုပျော်ရွှင်မှုခံစားရစေမယ့် ကောင်းမွန်တဲ့အတွေးတွေနဲ့ စတင်သင့်ပါတယ်။

(၂) ခန္ဓာကိုယ်ကိုအနားပေးပါ

Source : Freepik

ရုပ်ပိုင်းဆိုင်ရာအနားယူမရှိရင် ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်ခြင်းတွေဖြစ်ပေါ်လာတက်ပါတယ်။ ဒါကြောင့်လူတိုင်းလူတိုင်း တစ်နေ့တာဖြတ်သန်းမှုလုပ်ရိုးလုပ်စဉ်အရာတွေထဲမှာ အနားယူခြင်းအတွက် အချိန်တစ်ခုသတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့်အလုပ်ကနေ အိမ်ပြန်ရောက်တဲ့အချိန်မျိုးမှာ ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်း ရေပူဖြင့်ရေချိုးခြင်း စာအုပ်ဖတ်ခြင်းစတဲ့အရာတွေပြုလုပ်ပြီး ခန္ဓာကိုယ်ကိုအနားယူခြင်းဖြင့် နောက်တစ်နေ့မှာ စိတ်ကြည်လင်ပေါ့ပါးစွာနဲ့ အိပ်ရာနိုးထလာနိုင်မှာဖြစ်ပါတယ်။

(၃) အိပ်ယာမဝင်မှီသကြားဓာတ်စားသုံးခြင်းကိုရှောင်ပါ

Source : Medical News Today

ညစာစားပြီးချိန်နဲ့ အိပ်ရာမဝင်မှီအချိန်တွေမှာ သကြားဓာတ်လွန်ကဲစွာပါဝင်တဲ့ ပြုပြင်ထားတဲ့ အစားအစာတွေစားသုံးခြင်းက အိပ်စက်ခြင်းအပေါ်ဆိုးကျိုးတွေသက်ရောက်စေနိုင်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။ သကြားဓာတ်များတဲ့အစားအစာတွေစားသုံးတဲ့အခါ ခန္ဓာကိုယ်ထဲက အင်ဆူလင်က သွေးတွင်းသကြားဓာတ်ကိုပျက်စီးစေပြီး ဆာလောင်မွတ်သိပ်မှုကိုဖြစ်စေတာကြောင့် ကောင်းစွာအိပ်ပျော်စေဖို့ခက်ခဲပါလိမ့်မယ်။ သန်းခေါင်ယံမှာ မကြာခဏလည်းနိုးလာစေတာကြောင့် အိပ်ရေးပျက်ပြီး နောက်တနေ့မှာစိတ်ကြည်လင်လန်းဆန်းစွာနိုးထနိုင်မှာမဟုတ်ပါဘူး။

(၄) အိပ်ရေးဝဝအိပ်စက်ပါ

Source : Shutterstock

အရွယ်ရောက်ပြီးသားလူတစ်ယောက်ရဲ့ တစ်ညတာလုံလောက်တဲ့ အိပ်စက်ချိန်က (၇) နာရီကနေ (၉) နာရီအတွင်းရှိပါတယ်။ အိပ်ချိန်လုံလုံလောက်လောက်နဲ့ အိပ်ရေးဝဝအိပ်စက်ပေးမယ်ဆိုရင် နောက်တစ်နေ့မှာ စိတ်ကြည်လင်လန်းဆန်းစွာနိုးထလာနိုင်မှာသေချာပါတယ်။ဒါကြောင့် ညဘက်တွေမှာ စောစောအိပ်စက်အနားယူဖို့ မဖြစ်မနေလိုအပ်ပါတယ်။