ဒီနေ့ခေတ်ကြီးကိုက ရှုပ်ထွေးပွေလီလွန်းပြီး ကိစ္စဝိစ္စများလွန်းတဲ့ ခေတ်ကြီး ဖြစ်နေပါတယ်။ ရှုပ်ထွေးလှတဲ့ ဒီခေတ်ကြီးမှာ စိတ်စုစည်းလို့မရဘဲ ခေါင်းထဲမှာ အတွေးပေါင်းစုံနဲ့ ရှုပ်ထွေးနောက်ကျိနေတဲ့ သူတွေ သန်းပေါင်းများစွာ ရှိနေပါတယ်။ အာရုံစိတ်မရခြင်းက ဒီနေ့ခေတ်ရဲ့ ပြဿနာ ဖြစ်နေပါတယ်။ ဒါပေမယ့် ဒီပြဿနာက ကုစားဖြေရှင်းလို့ ရပါတယ်။

(၁) နေ့တိုင်းမှာ အရေးကြီးတဲ့ အလုပ်တွေအတွက် အစီအစဉ်ချထားပါ

Photo: Pexels

မနက်တိုင်းမှာ အချိန်တစ်ခုပေးပြီး အစီအစဉ်ဇယားဆွဲဖို့ လိုပါတယ်။ ဒီနေ့လုပ်ဖို့ အရေးကြီးဆုံး အရာ ၃ ခုက ဘာတွေလဲ။ အရေးပါဆုံးနဲ့ မရှိမဖြစ် လုပ်စရာ ကိစ္စတွေကို အာရုံစိုက်ဖို့ လေ့ကျင့်ခန်းဟာ သင့်ကို Concentration ကောင်းစေတဲ့ အလေ့အထ ဖြစ်ပါတယ်။ နောက်အရေးကြီးတာက အရေးတကြီး လုပ်ရမယ့် အလုပ်တွေကို အာရုံစိုက်ရုံတင်မဟုတ်ဘဲ အလုပ်ပြီးမြောက်မှာကို မြင်ယောင်ကြည့်ပါ။ Visualization သဘောအရ စိတ်မျက်စိမှာ ပုံဖော်ခြင်းဟာ အာရုံစူးစိုက်မှု မြင့်စေဖို့ အများကြီး အထောက်အကူပြုပါတယ်။

(၂) စိတ်စုစည်းမှု အမြင့်ဆုံးအချိန် ရှာပါ

Positive Routines

လူတိုင်းမှာ Peak Hour ဆိုတာ ရှိပါတယ်။ အာရုံစူးစိုက်မှုဟာ သင်ကိုယ်တိုင်အားထုတ်တာနဲ့ သင့်ရဲ့ ဗီဇနဲ့လည်း ဆိုင်ပါတယ်။ ဦးနှောက်ရဲ့ ထုတ်လုပ်နိုင်စွမ်းဟာ ဇီဝနာရီစည်းချက်နဲ့ လှုပ်ရှားပါတယ်။ အရေးကြီးဆုံး အလုပ်တွေကို မတူညီတဲ့ အချိန်တွေ သတ်မှတ်ခွဲခြားပြီး လုပ်ကြည့်ပါ။ တစ်ပတ်နဲ့ တစ်ပတ် ဘယ်အချိန် ဘယ်နာရီမှာ စိတ်စုစည်းမှုအကောင်းဆုံးလဲဆိုတာ ဖော်ထုတ်ကြည့်ပါ။ ဒါဆိုရင် သင့်ရဲ့ စိတ်အားအမြင့်ဆုံးအချိန် Peak Hour ကို သိရမှာ ဖြစ်ပါတယ်။

(၃) အာရုံစိုက်မှု လေ့ကျင့်ယူပါ

Photo: Positive Routines

ကြွက်သားတွေ လေ့ကျင့်သလိုမျိုး စိတ်စုစည်းမှုဖြစ်အောင် လေ့ကျင့်နိုင်ပါတယ်။ ဦး‌နှောက်ကို လေ့ကျင့်ဖို့အတွက် Pomodoro လို့ခေါ်တဲ့ နည်းလမ်းကို သုံးနိုင်ပါတယ်။ ဒီနည်းအရ မိနစ် ၂၀ အလုပ်လုပ် ၊ ၅ မိနစ် နားနားပြီး လုပ်ရမှာ ဖြစ်ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ နားချိန်ကို ၁မိနစ်ဖြစ်စေ ၂ မိနစ်ဖြစ်စေ တိုးသွားရမှာပါ။ အရေးကြီးတာက တစ်ချိန်တည်းမှာ တစ်ခုတည်းကိုပဲ အာရုံစိုက်ရမှာဖြစ်ပြီး ဆက်တိုက်အာရုံစိုက်ခြင်းကလည်း စိတ်စုစည်းမှုကို အားနည်းစေပါတယ်။

(၄) သတိပဌာန်လုပ်ပါ

Photo: image.ie

သတိကို ရှေးရှုတဲ့ စိတ်နဲ့ နေထိုင်တဲ့ အလေ့အထဟာ လက်ရှိပစ္စုပ္ပန်ဖြစ်စဉ်ကို ပိုပြီး အာရုံစိုက်မိစေတဲ့ အလေ့အကျင့်ကောင်းဖြစ်ပါတယ်။ ထိုင်နေချိန်မှာ ဖြစ်စေ ၊ လှုပ်ရှားချိန်မှာ ဖြစ်စေ စကားပြောဆိုရာမှာ ဖြစ်စေ သိနေတဲ့ အလေ့အကျင့်ကို မွေးယူခြင်းဟာ စိတ်စူးစိုက်မှုအားကောင်းစေပါတယ်။ကိုယ်ရှုရှိုက်မိတဲ့ အနံကို အာရုံပြုပါ။ သင်နဲ့ စကားပြောနေသူရဲ့ စကားလုံးတွေကို သေသေချာချာ နားထောင်နေပါ။ ဒါဟာ သင့်စိတ်ကို စုစည်းနေတာပဲ ဖြစ်ပါတယ်။

(၅) အနားယူတတ်ပါစေ

Photo: Freepik

အနားယူခြင်းရဲ့ ထူးခြားတဲ့ အနှစ်သာရကို ထိပ်တန်းရောက် အောင်မြင်သူ အများစုက သိရှိအသုံးချကြပါတယ်။ ဝိတ်မ ချန်ပီယံ ဖြစ်ချင်သူဟာ အလေးကြီးတွေ မနေရုံနဲ့တင် မရပါဘူး။ ကောင်းကောင်းစားပြီး ပြည့်ပြည့်ဝဝ နားဖို့လည်း လိုပါတယ်။ အလုပ်များများ လုပ်ပြီး အနားယူမှု နည်းလာရင် ဦးနှောက်စွမ်းရည်လည်း ကျဆင်းလာနိုင်ပါတယ်။ အာရုံစိုက်မှုကောင်းချင်တယ်ဆိုရင် တစ်နာရီလောက် အလုပ်လုပ်ပြီးတိုင်း ၅ မိနစ် အနားယူသင့်ပါတယ်။

ဒီနည်းလမ်း ၅ သွယ်ကိုသာ နေ့စဉ် အလေ့အကျင့်တစ်ခုလို လုပ်သွားမယ်ဆိုရင် အာရုံစူးစိုက်မှုကောင်းမွန်လာပြီး ပိုမိုထိရောက်ထက်မြက်တဲ့ လုပ်အားစွမ်းရည် Productivity ထွက်လာမှာ ဖြစ်ပါတယ်။