COVID – 19 ကာလမှာ လူတွေရဲ့ နေထိုင်မှုပုံစံတွေလည်း များစွာပြောင်းလဲလာခဲ့ပြီး ဝန်ထမ်းအများစုက အိမ်ကနေအလုပ်လုပ်တဲ့စနစ်ကို ကျင့်သုံးလာကြပါတယ်။ အိမ်ကနေ အလုပ်လုပ်ခြင်းက အချိန်ကုန်လူပင်ပန်းသက်သာခြင်း စရိတ်ကျကုန်မှုသက်သာခြင်းစတဲ့ကောင်းကျိုးတွေများစွာရှိပေမယ့်လည်း အသားမကျသေးတဲ့နေထိုင်မှုပုံစံအသစ်မှာ စားသောက်မှုပုံစံမှားနေတာတွေ ကိုယ်လက်လှုပ်ရှားမှုနည်းပြီး စိတ်ပိုင်းဆိုင်ရာဆိုးကျိုးတွေဖြစ်ပေါ်နေတာမျိုးတွေ ရှိလာပါတယ်။ဒါကြောင့် ဒီနေ့မှာတော့ သတိထားရမယ့် ကျန်းမာရေးဆိုင်ရာကိစ္စတွေထဲက အရေးကြီးဆုံးတစ်ခုဖြစ်တဲ့ ကျန်းမာအောင်ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာပတ်သတ်ပြီး မှန်ကန်တဲ့လမ်းညွှန်ချက်တချို့ကိုမျှဝေပေးချင်ပါတယ်။

(၁) လတ်လတ်ဆတ်ဆတ်ချက်ပြုတ်စားသောက်ပါ

Source : Freepik

အိမ်မှာနေရတဲ့ကာလအတွင်း သန့်ရှင်းလတ်ဆတ်မှုရှိတဲ့အစားအစာတွေကို ကိုယ်တိုင်ချက်ပြုတ်စားသောက်သင့်ပါတယ်။ အတက်နိုင်ဆုံး အသင့်စားအစားအစာတွေ အချိုပါဝင်မှုလွန်ကဲတဲ့အစားအစာတွေ အဆီများအကြော် အလှော်နဲ့ အကင်တွေကိုရှောင်ပြီး ပရိုတင်းဓာတ် အဆီထုတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေ ကြက်ဥ ပဲအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွှက်တွေကို လတ်လတ်ဆတ်ဆတ်ချက်ပြုတ်စားသုံးပါ။ လတ်ဆတ်ပြီးအာဟာရပြည့်ဝတဲ့အစားအစာတွေကိုစားသုံးခြင်းဖြင့် ကိုယ်ခံအားစနစ်ကိုတိုးတက်ကောင်းမွန်စေပြီး ကျန်းမာတဲ့လူနေမှုဘဝကိုရရှိစေမှာဖြစ်ပါတယ်။

(၂) ရေဓာတ်ပြည့်ဝအောင်နေပါ

Source : 123RF.com

အိမ်မှာနေတဲ့ကာလအတွင်းမှာ ရေဓာတ်ပြည့်ဝအောင်ဖြည့်တင်းနေဖို့ကလည်း မေ့မထားသင့်တဲ့ အချက်တစ်ခုပါ။ ခန္ဓာကိုယ်မှာရေဓာတ်ဆုံးရှုံးနေမယ်ဆိုရင် ခေါင်းကိုက်ခြင်း ပင်ပန်းနွမ်းနယ်ခြင်း နှင့် ကိုယ်လက်မအီမသာဖြစ်ခြင်းတို့ ကြုံတွေ့ခံစားရနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝနေဖို့ အထူးဂရုစိုက်သင့်ပြီး မကြာခဏရေသောက်ဖို့ အကြံပြုချင်ပါတယ်။

(၃) အချိန်ခွဲပြီးအလုပ်လုပ်ပါ

Source : iStock

အိမ်ကနေအလုပ်လုပ်သူတွေအတွက် အကြီးမားဆုံးပြဿနာတစ်ခုက အားလပ်ချိန်နှင့် အလုပ်ချိန်ရောထွေးနေခြင်းပါပဲ။ အလုပ်လုပ်မယ်စဉ်းစားပေမယ့် ဖုန်းခဏပွတ်နေမိတာမျိုး တခြားအိမ်အလုပ်တွေထလုပ်နေမိတာမျိုး စသည်ဖြင့် မသိလိုက်ပဲအချိန်ကုန်ဆုံးသွားစေတဲ့ကိစ္စတွေပေါ်လာတက်ပါတယ်။ ဒါကြောင့်အလုပ်လုပ်ချိန်ကို သတ်သတ်မှတ်မှတ်ခွဲထားပြီး အလုပ်ချိန်အတွင်းမှာ ဖုန်းတွေ တခြားအလုပ်တွေအားလုံးကိုမေ့ထားပြီးအလုပ်လုပ်ပါ။ အိပ်ယာထဲမှာအလုပ်လုပ်ခြင်းကိုရှောင်ကျဉ်ပါ။ နားတဲ့အချိန်မှာလည်း စိတ်ရောခန္ဓာကိုယ်ပါ ကောင်းကောင်း အနားယူဖို့အကြံပြုချင်ပါတယ်။

(၄) စိတ်နှင့်ခန္ဓာကိုယ်လေ့ကျင့်ခန်းလုပ်ပါ

Source : Flipboard

ကျန်းမာခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ စိတ်ကျန်းမာရေးရော ခန္ဓာကိုယ်ကျန်းမာရေးပါပါဝင်နေတယ်ဆိုတာကို သတိပြုရပါမယ်။ ခန္ဓာကိုယ်ကျန်းမာဖို့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေလုပ်ဆောင်ပေးရမှာဖြစ်သလို စိတ်ကျန်းမာဖို့အတွက်လည်း စိတ်အေးချမ်းတည်ငြိမ်စေမယ့် လေ့ကျင့်ခန်းတွေလုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့်တစ်နေ့ကို အနည်းဆုံး နာရီဝက်လောက်အိမ်တွင်းမှာပြုလုပ်လို့ရတဲ့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေပြုလုပ်ပေးပါ။ စိတ်တည်ငြိမ်အေးချမ်းစေဖို့လည်း စာအုပ်ဖတ်ပါ တရားထိုင်ပါ တိတ်ငြိမ်သိမ်သက်ခြင်းဖြင့်စိတ်ကိုအနားပေးပါ။