အာဆင်နယ်နောက်ခံကစားသမား ဘန် ဝှိုက်က လက်ရှိအချိန်မှာ အသင်းလူစာရင်းထဲမှာ အူဘာမီယန်း မရှိနေတာကို စိတ်ပျက်မိပြီး ကြယ်ပွင့်တိုက်စစ်မှူးကို အသင်းက လွမ်းဆွတ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးဟာ အဲဗာတန်အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဒီဇင်ဘာလအစပွဲစဉ်ပြီးကတည်းက အသင်းအတွက် ပါဝင်ကစားပေးရခြင်းမရှိတော့သူဖြစ်ပါတယ်။ အူဘာမီယန်းဟာ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးကြောင့် ဇာတိနိုင်ငံကို ပြန်သွားခဲ့တာဖြစ်ပြီး သတ်မှတ်ထားတဲ့အချိန်ထက် နောက်ကျပြီး ပြန်လည်ရောက်ရှိလာခဲ့တဲ့အတွက် စည်းကမ်းချိုးဖောက်မှုနဲ့ နည်းပြ အာတီတာရဲ့ အပြစ်ပေးခြင်းကို ခံခဲ့ရပါတယ်။

နောက်ဆုံးသတင်းတွေအဆိုအရ အာတီတာက လက်ရှိမှာ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးကို ပထမအသင်းနဲ့ လေ့ကျင့်ရေး ပြုလုပ်ခွင့်ပါ ထပ်မံပိတ်ပင်ထားခဲ့တာကြောင့် တစ်ဦးတည်း အထီးကျန်နေရပြီဖြစ်ပါတယ်။

Ben White

Photo: Eurosport

“ရလဒ်အတွက် ဂိုးသွင်းဆိုင်းဘုတ်ကိုပဲ အမှန်တကယ်တော့ ကြည့်လို့ မရပါဘူး။ ကျွန်တော်တို့ ကောင်းကောင်း ကစားခဲ့ကြပါတယ်။ အူဘာအတွက်တော့ စိတ်ပျက်စရာကောင်းတယ်ဆိုတာ သိသာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံး ကိုယ်လုပ်စရာရှိတာကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေပါတယ်”

“သူက တကယ်ကို သဘောကောင်းတဲ့သူပါ။ သူ့ကို ကျွန်တော်တို့အားလုံး လွမ်းဆွတ်နေပါတယ်။ ဒါပေမယ့် ဘာမှမတတ်နိုင်ဘူးလေ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Metro