ငွေကြေးကြွယ်ဝချမ်းသာပြီး ထင်ရှားကျော်ကြားတဲ့ ဆယ်လီမိသားစုမှာ လူလာဖြစ်ရင် ပိုက်ဆံနဲ့ပတ်သက်လို့ စိတ်ပူစရာရှိမှာမဟုတ်ဘူးလို့ တွေးရင် မှားသွားပါလိမ့်မယ်။ တချို့ နာမည်ကျော် ဆယ်လီတွေဟာ သူတို့ရဲ့ သားသမီးကို အမွေဆိုပြီး ပုံအပ်ခဲ့တာမျိုး မလုပ်ကြလို့ ဖြစ်ပါတယ်။ အခုပြောမယ့် နာမည်ကြီးပုဂ္ဂိုလ်တွေဆိုရင်လည်း သူတို့သားသမီးတွေအတွက် အထုပ်နဲ့ အထည်နဲ့ ထားဖို့ စိတ်ကူးမရှိကြပါဘူး။
(၁) ဂျော့ချ် လူးကတ်စ်

Photo: Empire
ရုပ်ရှင်နယ်ပယ်မှာ ဂျော့ချ်လူးကတ်စ်ဆိုတဲ့ နာမည်ဟာ အထင်ကရပါပဲ။ Star Wars စီးရီးဖန်တီးရှင်အဖြစ် နာမည်ကြီးတဲ့ အမေရိကန်လူမျိုး ရုပ်ရှင်ဒါရိုက်တာ ၊ ထုတ်လုပ်သူ နဲ့ စွန့်ဦးတီထွင်သူတစ်ဦး ဖြစ်ပါတယ်။ ဒေါ်လာ ၈ ဘီလျံလောက် ချမ်းသာတဲ့သူ့မှာ သားသမီး ၄ ဦး ရှိပြီး ကလေးတွေအတွက် ပညာရေးကလွဲပြီး စည်းစိမ်ဥစ္စာများများစားစား ချန်ခဲ့မှာ မဟုတ်ပါဘူး။
အကြောင်းက သူဟာ ၂၀၁၀ မှာ သူသေပြီးနောက် ကျန်တဲ့ဥစ္စာစည်းစိမ်ထဲက အနည်းဆုံး တစ်ဝက်ကို လှူဒါန်းဖို့ The Giving Pledge အစီအစဉ်မှာ ပါဝင်ထားလို့ ဖြစ်ပါတယ်။ သူ့အမြင်အရ သားသမီးတွေအနေနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တဲ့သူတွေ ဖြစ်သင့်တယ်လို့ ဆိုပါတယ်။
(၂) ဂေါ်ဒွန်ရမ်ဆေး

Photo: Robb Report
မာစတာချက်ဖ်လောကမှာ ဂေါ်ဒွန်ရမ်ဆေးဆိုတဲ့ နာမည်ကို မသိသူရှိမှာ မဟုတ်ပါဘူး။ ဗြိတိန်လူမျိုး ဒေါ်လာသန်း၂၂၀ ခန့် ချမ်းသာတဲ့ ဒီစားဖိုမှူးကြီးဟာ သူ့သားသမီး ၅ ဦးနဲ့ လေယာဉ်ခရီးစဉ် သွားချိန်မှာတောင် ကလေးတွေကို သူနဲ့အတူ ပထမတန်းမှာ ပေးမစီးစေဘူးလို့ ဆိုပါတယ်။ အကြောင်းက သူ့သားသမီးတွေဟာ ကိုယ့်ဒူးကိုယ်ချွန် အလုပ်မလုပ်သေးတာကြောင့်လို့ ပြောပါတယ်။
ခရောင်းလမ်းကို ဖြတ်ပြီး ချမ်းသာကြွယ်ဝတဲ့ ထိပ်ထိပ်ကြဲ မာစတာချက်ဖ်တစ်ဦးဖြစ်လာတဲ့ ရမ်ဆေးကလည်း သူ့သားသမီးတွေကို သူ့လိုပဲ ကိုယ့်အားကိုယ်ကိုးပြီး ဘဝကို ဖြတ်သန်းစေချင်တာ ဖြစ်ပါတယ်။ တက္ကသိုလ်တက်နေတဲ့ သူ့အကြီးဆုံးသမီးကိုတောင် အသုံးစရိတ်အနေနဲ့ တစ်ပတ်မှ ပေါင် ၁၀၀ ပဲ ပေးတယ်လို့ ဆိုပါတယ်။ ဒီတော့ သူ့ဆီက အမွေကို လွယ်လွယ်လေးနဲ့ ရဖို့က ခက်ပါလိမ့်မယ်။
(၃) ဂျက်ကီချမ်း

Photo: todayonline
မင်းသားကြီး ဂျက်ကီချမ်းဟာ သူကိုယ်တိုင်ကလည်း နှိမ့်နှိမ့်ချချ နေတတ်ပြီး အသုံးအဖြုန်းလည်း မရှိ စစ်စီတယ်လို့ နာမည်ကြီးပါတယ်။ မင်းသားကြီးဟာ သူပိုင် ဒေါ်လာသန်း ၄၀၀ ရဲ့ ထက်ဝက်နီးပါးကို ပရဟိတအလှူအတန်းတွေ လုပ်သွားဖို့ စီစဉ်ထားပါတယ်။ Channel News Asia နဲ့ အင်တာဗျူးမှာ သူ့သား Jaycee အတွက် ပိုက်ဆံထားခဲ့ဖို့ အစီအစဉ်မရှိကြောင်း ပြောခဲ့ပါတယ်။
“သူသာ လူတော်ဆိုရင် သူ့ဘာသာ ပိုက်ဆံရှာနိုင်မှာပါ။ အဲလိုမှမဟုတ်ရင် ကျုပ်ပိုက်ဆံတွေ ဖြုန်းပဲ ဖြုန်းပစ်မှာပေါ့”တဲ့။
(၄) မတ်ခ်ဇူကာဘတ်ခ်

Photo: Forbes
အသက် ၃၂ နှစ်ကတည်းက Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်ခ်ဟာ ကမ္ဘာတစ်လွှားက ဘီလျံနာတွေ ပိုင်ဆိုင်မှုစွန့်လွှတ်ကြတဲ့ The Giving Pledge မှာ အငယ်ဆုံး ဘီလျံနာတစ်ဦးအဖြစ်ပါဝင်ခဲ့ပါတယ်။ သူနဲ့ သူ့ဇနီးပရစ်ဆီလာချမ်ကလည်း သူ့သမီးလေး Max ရဲ့မွေးနေ့မှာ သူတို့ပိုင်တဲ့ ရှယ်ယာရဲ့ ၉၉% ရာခိုင်နှုန်းကို လှူသွားမယ်လို့ ဆိုပါတယ်။
(၅) ဆာလ်အယ်လ်တန်ဂျွန်

Photo: abcnews
ကနေဒါလူမျိုး ရုပ်ရှင်ထုတ်လုပ်သူ ဒေးဗစ်ဖာနစ်ရှ်နဲ့ လိင်တူလက်ထပ်ထားတဲ့ ဂန္ဓဝင် အဆိုကျော် ဆာအယ်လ်တန်ဂျွန်ဟာ ဒေါ်လာသန်း ၅၀၀ နီးပါး ချမ်းသာတဲ့သူပါ။ သူ့မှာ အရင်ဇနီးနဲ့ ကလေးနှစ်ဦးရထားပေမယ့် သူ့ကလေးတွေအတွက် ပိုက်ဆံများများစားစား ချန်ထားမှာမဟုတ်ကြောင်း တရားဝင် ပြောထားပါတယ်။ သူတို့ကလေးတွေအနေနဲ့ ကိုယ့်ဘာသာ ငွေရှာပြီး ကိုယ့်ဘဝနဲ့ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားရမှာပါ။
(၆) ဆိုင်မွန်ကောဝဲလ်

Photo: CNN
နာမည်ကြီး American Idol နဲ့ America’s Got Talent အစီအစဉ်ရဲ့ ဒိုင် ဆိုင်မွန်ကောဝဲလ်ကလည်း သူ့သားငယ် အဲရစ်မမွေးခင်ကတည်း သူ့ပိုင်ငွေကြေးဥစ္စာတွေကို အမွေချန်ထားဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ လက်ရှိ သူပိုင်ဆိုင်ထားတဲ့ ဒေါ်လာသန်း ၅၅၀ ထဲက အများစုကို အလှူအတန်းနဲ့ ပရဟိတလုပ်ငန်းတွေဆီ လှူဒါန်းသွားမယ်လို့ပါ ကြေညာထားပါတယ်။
(၇) ဘီလ်ဂိတ်စ်

Photo: Time Magazine
ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်Microsoft သူဌေးကြီး ဘီလ်ဂိတ်စ်ဟာ သူသားသမီး ၃ ဦးအတွက် ဒေါ်လာ ၁၀ သန်းစီပဲ ချန်ခဲ့ဖို့ ရှိပါတယ်။ သူပိုင်တဲ့ ဒေါ်လာဘီလျံ ၁၂၀ ကျော်ကတော့ သူဝါသနာပါတဲ့ ပရဟိတလုပ်ငန်းတွေဆီ လှူဒါန်းသွားမှာပါ။
