ကွီးတို့ရေ Weekend တွေမှာ များသောအားဖြင့် ဘာလုပ်လေ့ရှိပါသလဲ။ များသောအားဖြင့် ဘော်ဒါတွေနဲ့ ဆုံပြီး Chill တာ၊ အိမ်မှာပဲ အနားယူတာ၊ ဂိမ်းဆော့တာ ဒါတွေလုပ်လေ့ရှိတယ် မဟုတ်ပါလား။ ဒါတွေလုပ်ရတာ ငြီးငွေ့လာပြီး အသစ်အဆန်းလေးတွေ လုပ်ရင်းရော Weekend ကို မဖြတ်သန်းချင်ဘူးလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့အတွက်ပါပဲ။ ဒီဆောင်းပါးလေးမှာ ကွီးတို့အတွက် Weekend ကို အထာကျကျ ဖြတ်သန်းနိုင်ဖို့ နည်းလမ်းကောင်းလေးတွေ ဖော်ပြပေးမှာ ဖြစ်ပါတယ်။
စာအုပ်ဖတ်ပါ
Photo : Vista Create
ကွီးတို့ Weekend မှာ စိတ်ရောကိုယ်ပါ အနားယူနိုင်တဲ့ နည်းလေးကတော့ စာအုပ်ဖတ်ခြင်းပဲ ဖြစ်ပါတယ်။ ကွီးတို့အနှစ်သက်ဆုံး စာအုပ် ဒါမှမဟုတ် ဖတ်ဖို့ ရည်ရွယ်ထားတဲ့ စာအုပ်ကို အပြီးသတ်ဖို့ ပိတ်ရက်တစ်ရက်လုံးကို သုံးလိုက်ပါ။ စာအုပ်ဖတ်ရင်း အနားယူဖို့ သက်တောင့်သက်ရှိစေဖို့ ကူရှင်လေးများ အသုံးပြုပါ၊ ကော်ဖီတစ်ခွက်ကိုပါ ယူလိုက်ရင်း တိတ်ဆိတ်သော ကိုယ်ပိုင်နေရာလေး တစ်ခုဖန်တီးကာ စာအုပ်ထဲမှာ စီးမြောလိုက်ပါ။
ပျော်ပွဲစားထွက်ပါ
Photo : National Picnic Week
Weekend ကို တတ်တတ်ကြွကြွနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တဲ့ ကွီးတို့အတွက်ကတော့ ပျော်ပွဲစားလေး ထွက်လို့ရပါတယ်။ အခင်ဆုံးဘော်ဒါတွေ၊ ချစ်ရတဲ့ မိသားစုတွေနဲ့ သိပ်မဝေးလှတဲ့ အပန်းဖြေနေရာ ဒါမှမဟုတ် ပန်းခြံတစ်ခုခုမှာ စားသောက်စရာ အစုံအလင်နဲ့ အချိန်ကောင်းလေးတွေ ဖန်တီးလိုက်ပါ။ ကွီးတို့အတွက် ပျော်ရွှင်စရာ အမှတ်တရလေးတစ်ခု ကျန်ရစ်မှာ အသေအချာပါပဲ။
အပန်းဖြေပါ
Photo : Vista Create
ကွီးတို့အနေနဲ့ တစ်ပတ်တာ ပင်ပန်းနွမ်းနယ်တာတွေ၊ စိတ်ဖိစီးမှုတွေ ပြေပျောက်ချင်တယ်ဆိုရင်တော့ စနေ၊ တနင်္ဂနွေပိတ်ရက်မှာ အနီးနားက ပန်းခြံလေးတွေ၊ ဒါမှမဟုတ် နေ့ချင်းပြန် ခရီးသွားလို့ ရတဲ့ အပန်းဖြေ စခန်းလေးတွေကို သွားပါ။ မိုးရာသီ ဖြစ်တာကြောင့် အေးမြတဲ့ ရာသီဥတုလေးကို ခံစားပြီး စိတ်ရော၊ ကိုယ်ပါ အနားပေးလိုက်ပါ။
ဝါသနာပါရာ အားကစားလုပ်ပါ
Photo : Vista Create
ကွီးတို့ရေ အလုပ်တာဝန်ဝတ္တရားတွေကြောင့် ကိုယ်ဝါသနာပါတဲ့ အားကစားနည်းတွေကို မလုပ်ဖြစ်တာမျိုး ရှိပါသလား။ ဒါဆိုရင်တော့ အခုအချိန်က ကိုယ့်ဝါသနာတွေကို ပြန်လည်တူးဖော်ဖို့ အချိန်ကောင်းပါပဲ။ ကွီးတို့က ဘောလုံးကန်တာ ဝါသနာပါရင် ရက်ကွက်ထဲက ဘော်ဒါတွေနဲ့ ကန်လိုက်ပါ၊ ဂေါ့ဖ်ရိုက်တာ ဝါသနာပါရင် အချိန်ပေးပြီး ရိုက်လိုက်ပါ စတဲ့ ကိုယ်ဝါသနာပါတဲ့ အားကစားနည်းကို ကစားရင်း Weekend ကို ဖြတ်သန်းခြင်းကလည်း ကွီးတို့ကို စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်မှာ အသေအချာပါပဲ။
မိသားစုကို အချိန်ပေးပါ
Photo : The Arbors Assisted Living
ပိတ်ရက်တွေမှာ ကိုယ်ချစ်ခင်ရသူတွေနဲ့ အချိန်ကောင်းလေးတွေ ဖန်တီးခြင်းကလည်း စိတ်ကူးကောင်းပါပဲ။ ကွီးတို့ မိသားစုနဲ့ အတူတူ ဟင်းချက်တာ၊ ရုပ်ရှင်ကြည့်တာ စတာလေးတွေ ပြုလုပ်နိုင်ပါတယ်။ ဒီလို အချိန်ကောင်းလေးတွေ ဖန်တီးခြင်းဖြင့် ကွီးတို့အချင်းချင်း နားလည်မှုတွေ ပိုလာကာ ချစ်ခြင်းမေတ္တာများလည်း တိုးပွားလာပါလိမ့်မယ်။
အကြောင်းအရာ အသစ်တစ်ခုခုကို လေ့လာပါ
Photo : Palette
ကွီးတို့ Weekend တွေမှာ ဘာလုပ်ရမှန်းမသိဘူး ဖြစ်နေတယ်ဆိုရင် ဝါသနာပါရာ ဖြစ်စေ၊ ဘာသာစကား ဖြစ်စေ၊ လက်မှုပညာ ဖြစ်စေ၊ အကြောင်းအရာ အသစ်တစ်ခုခုကို လေ့လာသင်ယူဖို့ အကြံပေးပါရစေ။ အသစ်အသစ်သော အရာတွေကို လေ့လာသင်ယူခြင်းက ကွီးတို့ဘဝအတွက် တစ်ထောင့်တစ်နေရာကနေ အကျိုးပြုပါလိမ့်မယ်။
ဒီနည်းလေးတွေ အသုံးပြုပြီး Weekend ကို အထာကျကျ ဖြတ်သန်းလိုက်ပါ ကွီးတို့ရေ။
Featured Photo : Vista Create