လူဆိုတဲ့ သတ္တဝါကလည်း နေရာတကာ ဆန်းဆန်းပြားပြား လုပ်တတ်တဲ့အမျိုးဖြစ်လေတော့ အစားအသောက်ဘက်မှာလည်း ထူးပေ့ဆန်းပေ့ဆိုတဲ့ အစားအသောက်တွေ လုပ်စားတတ်တာ မဆန်းဘူးလို့ ဆိုရမှာပါပဲ။ တချို့ ထူးဆန်းပါတယ်ဆိုတဲ့ အစားအသောက်တွေက အရသာအားဖြင့်ရော စားဖို့အတွက် ပြင်ဆင်မှု ၊ ပါဝင်တဲ့အမယ်အရပါ စားချင့်စဖွယ် ဖြစ်နေကြပေမယ့် တချို့ကျတော့ နာမည်ကြားရုံနဲ့တင် စားချင်စိတ်ကုန်သွားနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ထူးဆန်းပါပေ့ဆိုတဲ့ အစားအသောက်တွေအများကြီး ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ နိုင်ငံအလိုက် ဆန်းပြားထူးခြားတဲ့ အစားအစာတွေအကြောင်း ပြောပြချင်ပါတယ်။

(၁) Kiviak (ဂရင်းလန်း)

Kiviak

Photo: Quora

Greenland ကျွန်းနိုင်ငံမှာ Kiviak ဆိုတဲ့ အစားအသောက်တစ်မျိုး ရှိပါတယ်။ Auk ငှက်ဆိုတဲ့ ပင်လယ်ငှက်ကလေးတွေကို ဖျံသေထဲ ထည့်ပြီး Kiviak လုပ်တာပါ။ Auk ငှက်ရာပေါင်းမျာစွာကို ဖျံသေထဲ ထည့် လေလုံအောင်ချုပ်ပြီး အပြင်က ဆီသုတ်ပြီး ၃ လ ကြာအောင် ကျောက်တုံးကြီးတွေအောက် ထည့်ထားပြီး အချဉ်ဖောက်ပါတယ်။ အသားခြောက်လို ဖြစ်သွားချိန်မှာ ချိစ်လိုမျိုးနဲ့ ဆောင်းရာသီ အစာခက်ခဲချိန်တွေမှာ စားလေ့ရှိပါတယ်။ စားမယ်ဆို ငှက်ကို အရေဆုတ် အမွေးနှုတ်ရပါသေးတယ်။ ကြည့်ရတာကတော့ စားချင်စရာမရှိတာ အမှန်ပါပဲ။

(၂) Penis Fish (တောင်ကိုရီးယား)

Penis Fish (South Korea)

Photo: sunnysidecircus

ရုပ်သံစီးရီးတွေမှာ ‌ဒေသအစားအသောက်တွေ ထည့်ထည့်ရိုက်တတ်တဲ့ တောင်ကိုရီးယားနိုင်ငံက ဒီအစားအသောက်ကတော့ ကြားရုံနဲ့တင် စားချင်စိတ်ကုန်သွားနိုင်ပါတယ်။ ကျားအင်္ဂါပုံစံ ငါး Penis Fish ဆိုတာ ဂျပန်နဲ့ ကိုးရီးယားကမ်းလွန်ပင်လယ်ပြင်တွေမှာ အတွေ့များပါတယ်။ Urechis Unicinctus လို့လည်း ခေါ်ပါတယ်။ Kiviak လိုပဲ မချက်မပြုတ်ဘဲ အစိမ်းစားရတဲ့ အစားအသောက်ဖြစ်ပြီး ပါးပါးလှီးပြီး နှမ်းဆီဆော့စ် ချဉ်ငံစပ်နဲ့ စားရတာပါ။ ဆော့စ်ကောင်းဖို့တော့ လိုပါတယ်။

(၃) Hakarl (အိုက်စလန်)

Hakarl (Iceland)

Photo: youngpioneertours

အအေးပိုင်း ရေခဲစွန်းမှာ နေသူတို့အဖို့ ကြပ်တိုက်စာ စားတာ ဓလေ့တစ်မျိုးလို့ ဆိုရမှာပါ။ Hakarl ဆိုတာ အိုက်စလန်က ငါးမန်းကြပ်တိုက်ခြောက်ဖြစ်ပါတယ်။ ငါးမန်းအသားထဲက သဘာဝအဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ၆ ပတ်ကြာ ကြပ်တိုက်ထားပါတယ်။ ပြီးရင်း ငါးခြောက်တွေ ချက်ပြုတ်စားသလိုတောင် စားစရာမလိုဘဲ ဒီအတိုင်း အခြောက်တိုက် တွယ်နိုင်ပါတယ်။

(၄) Snake Soup (တရုတ်)

Snake soup

Photo: theculturetrip

တကယ်တော့ မြွေသားစွပ်ပြုတ်ဆိုတာ တရုတ်မှာ လွန်ခဲ့တဲ့နှစ် ၂၀၀၀ လောက်ကတည်းက အရသာရှိတဲ့ စားဖွယ်တစ်ရပ်အနေနဲ့ စားသုံးလာခဲ့လို့ အဆန်းမဟုတ်ပေမယ့် ကမ္ဘာတလွှားမှာ မြွေသားစွပ်ပြုတ်စားတဲ့နိုင်ငံဆိုတာ တရုတ်အပြင် လက်ချိုးရေလို့ ရမယ်ထင်ပါတယ်။ အာရှနိုင်ငံတွေကတော့ မြွေသားကို မက်မက်စက်စက် စားတာတွေ ရှိပါတယ်။ မြွေအမျိုးအစားပေါ်လိုက်ပြီး စားသုံးပြင်ဆင်မှုကလည်း အစုံစုံပါပဲ။ တရုတ်မြွေသားစွပ်ပြုတ်ကတော့ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပြီး ၆ နာရီကျော်ကြာ ချက်ပြုတ်လေ့ရှိပါတယ်။ များသောအားဖြင့် စပါးကြီးနဲ့ ရေမြွေတွေ အစားများပါတယ်တဲ့။

(၅) Sheep Head Smalahove (နော်ဝေး)

Smalahove

Photo; Flickr

နော်ဝေးမှာ Smalahov လို့ ခေါ်ကြတဲ့ သိုးခေါင်းဟင်းလျာက နာမည်ကြီးပါတယ်။ အခုလို ခရစ္စမတ်မတိုင်ခင် စားကြလေ့ရှိတဲ့ အစားအသောက်ဖြစ်ပါတယ်။ Smalahove ဆိုတာ နော်ဝေးစကား Hove နဲ့ Smale ကို ပေါင်းထားတာပါ။ အဓိက အမယ်က သိုးကလေးခေါင်းပါပဲ။ သိုးခေါင်းပြုတ်ကို အာလူး ၊ Rutabaga မုန်ညင်းဥတွေနဲ့ စားကြပါတယ်။ လူတစ်ယောက် ခေါင်းတစ်ခြမ်းစာ စားကြပြီး ပါးဖဲ့ နားဖဲ့ စားကြတာ ဖြစ်ပါတယ်။

Featured Photo; Flickr