အာသာ မာဆူအာကူက လန်ဒန်ဒါဘီပွဲစဉ်မှာ ၃-၂ နဲ့ ဝက်စ်ဟမ်းအသင်း အနိုင်ရရှိစေမယ့် အနိုင်ဂိုးကို သွင်းယူဖို့ အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့သူဖြစ်ပြီး အဲဒီအနိုင်ဂိုးနဲ့ပတ်သက်ပြီး ပရိသတ်တွေကြား ဒွိဟဖြစ်နေတာကို လက်ရှိမှာတော့ ရှင်းလင်းလိုက်ပြီဖြစ်ပါတယ်။

Lanzini scored from penalty

Photo: 90Min

ဧည့်သည်ချဲလ်ဆီးအသင်းဟာ သီယေဂို ဆေးလ်ဗားနဲ့ မေဆန် မောင့်တို့ရဲ့ ဂိုးတွေနဲ့ ၂ ကြိမ်အထိ ဦးဆောင်နိုင်ခဲ့တာဖြစ်ပေမယ့် လန်ဇီနီ၊ ဘိုဝင်တို့ရဲ့ ချေပဂိုးတွေကြောင့် အရှေ့လန်ဒန်အသင်းက ပြန်လာနိုင်ခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းဟာ ဘောလုံးပိုင်ဆိုင်မှုမှာတော့ ချဲလ်ဆီးကို မယှဉ်နိုင်ခဲ့ပေမယ့် အမှတ်ပေးဇယားဦးဆောင်သူကို သက်တောင့်သက်သာမဖြစ်အောင် ရဲစွမ်းသတ္တိရှိမှုနဲ့ စိတ်ပိုင်းဖြတ်မှုတော့ အားသာခဲ့တာဖြစ်ပါတယ်။

မာဆူအာကူရဲ့ ဖြတ်တင်ဘောလည်း ဖြစ်ကောင်းဖြစ်နိုင်တဲ့ ကန်ချက်က အိမ်ရှင် ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိစေမယ့် ထူးခြားဆန်းကြယ်တဲ့ သွင်းဂိုး ဖြစ်ခဲ့တာဖြစ်ပြီး လီဗာပူးလ်၊ မန်စီးတီး၊ ဘရိုက်တန်၊ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်တို့နဲပွဲစဉ်တွေကို ကျော်ဖြတ်ခဲ့ရတဲ့ ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ရာသီက အဆင့်ရပ်တည်ချက်ဖြစ်တဲ့ အဆင့် ၆ ထက်ပိုမိုမြင့်မားတဲ့နေရာကို တက်ရောက်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

Arthur Masuaku

Photo: The 42

အာသာ မာဆူအာကူရဲ့သွင်းဂိုးဟာ ဂိုးကန်သွင်းမှုလား၊ ဖြတ်တင်ပေးပို့မှုကနေ ကံစွပ်ပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာလားဆိုတာကို လူမှုကွန်ရက်အသုံးပြုသူတွေက အငြင်းပွားနေကြတာဖြစ်ပြီး ဝက်စ်ဟမ်းတောင်ပံကစားသမားက ဂိုးကန်သွင်းဖို့ ရည်ရွယ်ပြီး ကန်ခဲ့တာမဟုတ်ဘူးလို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

မာဆူအာကူရဲ့ ဖြတ်တင်ပေးပို့မှုဟာ ချဲလ်ဆီးဂိုးသမား မန်ဒီ အဆင်သင့်ပုံစံယူမထားချိန်နဲ့ ချိန်သားကိုက် ရောက်ရှိသွားခဲ့တာကြောင့် ကံကောင်းစွာနဲ့ ပွဲကစားချိန်ပြည့်မြောက်ဖို့ ၃ မိနစ်ခန့်အလိုမှာ ဝက်စ်ဟမ်းအသင်းက နောက်ကျအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

“အဲဒီတော့ အဲဒါက ဖြတ်တင်ဘော ကန်တင်ပေးခဲ့တာလား ဒါမှမဟုတ် ဂိုးကန်သွင်းခဲ့တာလား။(သဲလွန်စ- ကျွန်တော်လည်း ခင်ဗျားတို့ အံ့အားသင့်ခဲ့သလိုမျိုး အံ့အားသင့်ခဲ့ရတာပါပဲ)”လို့ မာဆူအာကူက ၎င်းရဲ့ တွစ်တာလူမှုကွန်ရက်မှာ ရေးသားပြီး ပရိသတ်တွေကြား ဒွိဟများနေတာကို ရှင်းလင်းပေးခဲ့တာဖြစ်ပါတယ်။

Featured Photo: The Sun