သင်ဟာ ပညာလိုလားတဲ့ ကျောင်းသားလူငယ်တစ်ယောက် ဖြစ်နိုင်သလို တိုးတက်ကြီးပွားချင်စိတ်မြင့်မားနေတဲ့ လုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်စွမ်းကိုယ်စ တိုးတက်အောင် ကြိုးစားနေသူတစ်ယောက် ဖြစ်သလို ရည်မှန်းချက်တစ်ခုနဲ့ ရှေ့ဆက်နေသူလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ သင့်မှာ ပန်းတိုင်တစ်ခု ရှိနေပြီး အဲဒီပန်းတိုင်ကို စနစ်တကျ အရောက်သွားဖို့အတွက် နည်းလမ်းလိုနေတယ်ဆိုရင် SMART Goal ဖော်မြူလာက သင့်ကို ကူညီနိုင်ပါတယ်။

S.M.A.R.T ဆိုတဲ့ အသုံးအနှုန်းကို ၁၉၈၁ ခုနှစ်မှာ ဂျော့ချ်တီ ဒေါ်ရန်ဆိုတဲ့ ဝါရှင်တန် ရေအားလျှပ်စစ်ကုမ္ပဏီရဲ့ စီမံကိန်းရေးရာ အတိုင်ပင်ခံနဲ့ ကော်ပိုရိတ်ဒါရိုက်တာရဲ့ စာတမ်းတစ်ခုထဲ စတင်ထည့်သုံးခဲ့တာ ဖြစ်ပါတယ်။ S.M.A.R.T ဆိုတာ တိကျခြင်း Specific ၊ တိုင်းတာနိုင်ခြင်း Measurable ၊ ဖြစ်မြောက်နိုင်ခြင်း ၊ တာဝန်ပေးခြင်း Achievable / Assignable ၊ လက်တွေ့ကျခြင်း/ကျိုးကြောင်း ဆီလျော်ခြင်း နဲ့ (တစ်ခါတစ်လေမှာ) ဦးဆောင်မှုရဲ့ သွားလိုရာ လမ်းကြောင်းနဲ့ ကိုက်ညီခြင်း Realistic ၊ Reasonable ၊ Relevant နဲ့ အချိန်ကာလအတိုင်းအတာ Time-Bound တို့ကို ဆိုလိုပါတယ်။

Photo: corporatefinanceinstitute

ဒီနေရာမှာ S.M.A.R.T ကို လူတစ်ယောက် ဝိတ်ချတဲ့ ဥပမာနဲ့ ပြောလို့ရပါတယ်။ ရည်မှန်းချက်တစ်ခု တကယ်ဖြစ်မြောက် အောင်မြင်ဖို့အတွက် တိကျတဲ့ ရလဒ်တစ်ခု ရှိဖို့ လိုပါတယ်။ ဒီနှစ် ဇူလိုင်လအကုန်မှာ ပေါင် ၂၀ အထိ ဝိတ်ချမယ်လို့ ပြောတာဟာ တိကျတဲ့ ရည်မှန်းချက် Specific Goal ရှိတာ ဖြစ်ပါတယ်။ ဇူလိုင်လကုန်မှာပေါင် ၂၀ ဝိတ်ကျဖို့အတွက် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဝိတ်ချဖို့ လိုပါတယ်။ အပတ်စဉ်တိုင်းလည်း ကိုယ့်ရဲ့ကိုယ်အလေးချိန် တိုးတက်မှုအနေအထားကို ပြန်တိုင်းထွာကြည့်ဖို့လိုတာကတော့ Measurable လုပ်လိုက်တာ ပါပဲ။

နောက်တစ်ခုက ဝိတ်ချတဲ့ နေရာမှာ တာဝန်ရှိသူက ကိုယ်ပဲ ဖြစ်ပါတယ်။ ဒီတော့ ဝိတ်ကျဖို့အရေးအတွက် တာဝန်ပေးအပ်ရမယ့်သူကလည်း ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ တကယ်လို့ ဝိတ်ချတဲ့ ကိစ္စ မအောင်မြင်ရင်လည်း အပြစ်တင်ရမှာ တစ်ခြားသူ မရှိပါဘူး။ သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ လက်တွေ့ကျတဲ့ ပန်းတိုင် ဖြစ်ခြင်း (Realistic) ဆိုတဲ့ အပိုင်းကတော့ သင့်ကိုယ်သင် ဘယ်လိုနှုန်းထားနဲ့ အောင်မြင်အောင် လုပ်သွားမှာလဲ ဆိုတာပဲ ဖြစ်ပါတယ်။

Photo: Freepik

ဆိုပါစို့။ တစ်ပတ်ကို ပေါင် ၂၀ ချချင်တယ်ဆိုရင်တော့ သင့်ရည်မှန်းချက်က ဖြစ်မြောက် အောင်မြင်ဖို့ မလွယ်ပါဘူး။ သီအိုရီအရ ဖြစ်နိုင်ရင်တောင် အောင်မြင်ဖို့ အခွင့်အလမ်းက အတော်လေး နည်းနိုင်ပါတယ်။ဒီထက်စာရင် ၆ လအတွင်း ပေါင် ၂၀ ဝိတ်ကျဖို့ဆိုတာက ပိုပြီး လက်တွေ့ကျသလို ဖြစ်မြောက်ဖို့လည်း အလားအလာ များပါတယ်။ ဒါကြောင့် သင့်ရည်မှန်းချက် ဖြစ်နိုင်တဲ့ အချိန်ကာလ Time-Bound ကို လက်တွေ့ကျကျ သတ်မှတ်ဖို့ ဆိုလိုတာ ဖြစ်ပါတယ်။

S.M.A.R.T Goal တစ်ခုကို စပြီး အကောင်အထည်ဖော်မယ်ဆိုရင် အရင်ဆုံး What ၊ Why နဲ့ How ဆိုတဲ့ မေးခွန်းသုံးခုနဲ့ စတင်သင့်ပါတယ်။ ‘သင်ဘာလိုချင်တာလဲ”ဘာကြောင့် လိုချင်တာလဲ’ ၊ ‘ရအောင် ဘယ်လိုလုပ်မှာလဲ’ ဆိုပြီး မေးရမှာ ဖြစ်ပါတယ်။ သင့်ပန်းတိုင်ကို ရှင်းရှင်းပြတ်ပြတ် မြင်ထားပြီး S.M.A.R.T goal နည်းလမ်းနဲ့ အကောင်အထည်ဖော်မယ်ဆိုရင် ရည်မှန်းချက်ဆီ ရောက်ရှိဖို့ ပိုမိုလွယ်ကူသွားမှာ ဖြစ်ပါတယ်။