အလုပ်လည်း မလုပ်ချင် ၊ ခြေကုန်လက်ပန်းကျ စိတ်ဒဏ်ရာရမှုကို Burnout လို့ သုံးနှုန်းပါတယ်။ ၂၀၂၀ မှာ အရင်နှစ်ကထက် စာရင် ဝန်ထမ်းတွေရဲ့ Burnout ဖြစ်မှုဟာ ၂၄% ပိုတိုးလာတယ်လို့ ဆိုပါတယ်။ အလုပ်ခွင် စိတ်ပင်ပန်းမှုကနေ နောက်ဆက်တွဲဖြစ်လာတဲ့ ပြဿနာတွေက သိပ်ကို ကြီးပါတယ်။ ဒီတော့ Burnout ရဲ့ သဘောနဲ့ ဒီပြဿနာဖြစ်လာတဲ့ အဆင့်ဆင့်ကဘာလဲ သိထားဖို့ လိုပါတယ်။
(၁) ပျားရည်ဆမ်းအဆင့်

Photo: Freepik

ပထမဆုံးအဆင့်ဆိုတော့ မင်္ဂလာဦးပျားရည်အဆင့်လို့ သတ်မှတ်လိုက်ရအောင်ပါ။ ဒီအဆင့်မှာ အရင်က အလုပ်လုပ်ရတာကို ကျေနပ်အားရမှုအပြည့်နဲ့ တက်ကြွထက်သန်နေတဲ့သူဟာ ကိုယ်လုပ်နေတဲ့အလုပ်ရဲ့ ဖိအားတွေကို ကြိုပြီး ခံစားမိလာမယ်။ သိပ်အသိသာကြိး ဟုတ်ချင်မှ ဟုတ်မယ်။ ပြောရရင် အလုပ်လုပ်ချင်စိတ်နဲ့ လုပ်နိုင်စွမ်းကအစ မြင့်မားနေတုန်းပါပဲ။ ဒီအဆင့်မှာ အလုပ်ဖိအားတွေ သက်သာစေမယ့် နည်းလမ်းတွေနဲ့ ကုစားလို့ ရနိုင်ပါတယ်။

(၂) စိတ်ဖိစီးမှု စတင်တဲ့ အဆင့်

Photo: Freepik

Burnout ဒုတိယအဆင့်မှာ စိတ်ရှုပ်ထွေးမှုတွေ ၊ ဆုံးဖြတ်ချက် မချဖြစ်အောင် ရှောင်ကြဉ်တာတွေ ၊ ပင်ပန်းလွယ်/မေ့လွယ်တာတွေ ၊ အာရုံမစိုက်နိုင်တာတွေ ဖြစ်လာမယ်။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ လိုအပ်ချက်တချို့ကို မျက်ကွယ်ပြုလာမယ်။ သွေးတိုးလာမယ်။ အိပ်ရေးပျက်လာမယ်။ ညအိပ်ရင် သွားတွေ ကြိတ်ပြီးမှ အိပ်လာမယ်။ နှလုံးခုန်နှုန်းမမှန် ဖြစ်လာမယ်။ ခေါင်းကိုက်မယ်။ ဆက်ဆံရေးပိုင်းလည်း အားနည်းလာနိုင်ပါတယ်။

(၃) ဆက်တိုက် စိတ်ဖိစီးလာတဲ့ အဆင့်

Photo: Freepik

တတိယအဆင့်ကတော့ စိတ်ဖိစီးမှုကို ဆက်တိုက်ခံစားလာရတဲ့ အဆင့် ဖြစ်ပါတယ်။ အရင် ဒုတိယအဆင့်ထက် ပြင်းထန်တဲ့ စိတ်ဖိစီးမှု လက္ခဏာတွေ ကြုံလာပါလိမ့်မယ်။ ဒေါသထွက်လာမယ်။ တစ်ခါတလေ ဘာကိုမှ စိတ်မဝင်စားတာမျိုး ဖြစ်လာမယ်။ အလုပ်မသွားချင်တော့ဘူး။ မနက်ဘက် နိုးလာရင်တောင် ပင်ပန်းနုံးချိနေတယ်လို့ ခံစားရမယ်။ အလုပ်လည်း နောက်ကျတာ စိပ်လာမယ်။ အရက်နဲ့ ကဖိန်းဓါတ် သောက်သုံးမှု များသထက် များလာမယ်။ သူငယ်ချင်းတွေနဲ့လည်းမ တွေ့ချင်ဖြစ်ပြီး ရှောင်ဖယ်လာမယ်။

(၄) ခြေကုန်လက်ပန်းကျသွားတဲ့အဆင့်

Photo: Freepik

ဒါက Burnout ဖြစ်သွားတဲ့ အဆင့်ပါ။ ဒီအဆင့်မှာ ခံနိုင်ရည် ကုန်ဆုံးသွားသလိုမျိုး ဖြစ်လာပါလိမ့်မယ်။ ရင်ထဲမှာ ဗလာကြီးလို ဖြစ်နေမယ်။ ပြဿနာတွေပေါ်ပဲ စိတ်စွဲလမ်းနေမယ်။ ကိုယ့်အလုပ်ရော ကိုယ့်ဘဝကိုပါ အကောင်းမမြင်တော့ဘူး။ ထွက်ပေါက်ရှာချင်တဲ့ စိတ်တွေပဲ ပေါက်နေမယ်။ ဖြစ်နိုင်ရင် လောကကြီးထဲက ထွက်သွားချင်တယ်လို့ပဲ ကိုယ့်ဘာသာ ပြောနေမိနိုင်ပါတယ်။ ဘယ်သူနဲ့မှ အရောတဝင်မနေတော့ဘူး။ ပိုဆိုးလာရင် ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် လုပ်မိလာနိုင်ပါတယ္။

(၅) အလေ့အထလို စွဲသွားတဲ့အဆင့်

Photo: Freepik

အဆင့် ၄ ကို ကုစားမှု ကောင်းကောင်း မလုပ်ခဲ့ရင် Burnout ဟာ သင့်ရဲ့ လူနေမှုပုံစံအထိ ဖြစ်လာနိုင်ပါတယ်။ ဒီအဆင့်မှာ Burnout ဖြစ်နေခြင်းဟာ နေ့စဉ်ဘဝတစ်ခုလို ဖြစ်လာပြီး ရုပ်ပိုင်းနဲ့စိတ်ပိုင်းပြဿနာတွေလည်း ပိုလို့တောင် များလာမှာပါ။ အဖြစ်များတဲ့ လက္ခဏာတွေက အမြဲလိုလို ဝမ်းနည်းကြေကွဲနေမယ်။ စိတ်ဓါတ်ကျနေမယ်။ စိတ်ထဲမှာ နုံးခွေနေပြီး အားယုတ်နေမယ်။ လူလည်း နာကျင်ပင်ပန်းတယ်လို့ပဲ ဆက်တိုက် ခံစားနေတတ်ပါတယ်။

Burnout ဖြစ်တာဟာ အလုပ်ဖိအားကြောင့်လည်း ဖြစ်တတ်သလို မိသားစုအတွင်းမှာလည်း လူမှုရေးပြဿနာတွေကြောင့် စိတ်ထိခိုက်ရာကနေ ဖြစ်လာတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Burnout ဖြစ်လာပြီလို့ ခံစားရရင် ခဏလောက် အနားယူပါ။ စိတ်ဖိစီးစေတဲ့အရာတွေနဲ့ ဝေးအောင်နေပါ။ စိတ်အေးချမ်းရေး အလေးပေးပါ။ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးပါလို့ အကြံပေးချင်ပါတယ်။