စိတ်ဖိစီးမှုတွေဟာ သင့်ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ စိတ်ဖိစီးမှုကြောင့် ရုပ်ရောစိတ်ပါ ကျန်းမာရေးကိုထိ ခိုက်စေနိုင်သလို ဟော်မုန်းအပြောင်းအလဲတွေကနေတဆင့် အသားအရေ ဆိုင်ရာပြဿနာတွေလည်း ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ စိတ်ဖိစီးမှုများခြင်းက သင့်အသားအရေအပေါ် ဘယ်လိုမျိုး ဆိုးကျိုးသက်ရောက်မှုတွေရှိစေလဲဆိုတာ ပြောပြပေးသွားပါမယ်။

(၁) ဝက်ခြံထွက်စေတယ်

Acne

Photo : Men’s Health Australia

စိတ်ဖိစီးမှုများနေချိန်မှာ ဦးနှောက်ကနေ Corticotrophin-Releasing Hormone (CRH) လို့ခေါ်တဲ့ ဟော်မုန်းတစ်ခု ပိုထုတ်ပေးပါတယ်။ အဆိုပါဟော်မုန်းက အဆီဂလင်းတွေကနေ အဆီတွေပိုထုတ်ပေးပြီး မွေးညှင်းပေါက်တွေကို ပိတ်ဆို့စေတာကြောင့် ဝက်ခြံပေါက်စေတာဖြစ်ပါတယ်။

(၂) အသားခြောက်စေတယ်

Dry skin

Photo : HIMistry Naturals

Stratum Corneum လို့ခေါ်တဲ့ အရေပြားအပြင်ဘက်အလွှာမှာ ပရိုတိန်းနဲ့ရေဓာတ်များပါဝင်ပြီး ၎င်းကအဓိကအားဖြင့် အသားအရေစိုပြေမှုကို ထိန်းထားပေးတာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုက Stratum Corneum ရဲ့အလုပ်လုပ်ပုံကို အကြီးအကျယ် အနှောက်ယှက်ဖြစ်စေကာ အရေ ပြားခြောက်သွေ့ ယားယံခြင်းတွေကို ဖြစ်ပေါ်စေနိုင်တာပဲ ဖြစ်ပါတယ်။

(၃) အဖုအပိမ့်တွေ ထွက်စေတယ်

Rashes

Photo : Elitecare Emergency Hospital

စိတ်ဖိစီးမှုတွေဟာ ကိုယ်ခံအားစနစ်ကို အားနည်းသွားစေနိုင်ပြီး အူလမ်းကြောင်းနဲ့ အရေပြားအတွင်း ဘက်တီးရီးယားမညီမျှမှုကို ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ မကောင်းတဲ့ ဘတ်တီးရီးယားတွေ ပိုမိုများပြားလာတဲ့အခါ အရေပြား နီမြန်းရောင်ရမ်းခြင်း သို့မဟုတ် အဖုအပိန့်တွေ  ထွက်လာစေမှာပဲ ဖြစ်ပါတယ်။

(၄) အရေးအကြောင်းတွေ ဖြစ်စေတယ်

Wrinkles
Photo : The Manual

အိုမင်းရင့်ရော်ခြင်းရဲ့အစ စိတ်ဖိစီးမှုကလို့ ဆိုနိုင်ပါတယ်။ စိတ်ဖိစီးမှုဟာ အရေပြား ကျုံ့နိုင်ဆန့်နိုင်စွမ်းလို့ခေါ်တဲ့ elasticity ဆုံးရှုံးမှုကို ဖြစ်စေပြီး ထိုမှတဆင့် မျက်နှာအရေပြားပေါ်မှာ အရေအကြောင်းများ ဖြစ်လာစေတာပဲ ဖြစ်ပါတယ်။

(၅) ဆံသားကျန်းမာရေးကို ပျက်စီးစေတယ်

Graying hair and hair loss

Photo : Verywell Health

စိတ်ဖိစီးတွေမှုဟာ အသားအရေကိုပျက်စီးစေတဲ့အပြင် ဆံသားကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ကြောင်း သုတေသနပြုချက်တွေအရ သိရပါတယ်။ စိတ်ဖိစီးမှုများသူတွေဟာ သာမာန်လူတွေထက်ကို ဆံပင်ကျွတ်တာ ၊ ဆံပင်ဖြူတာတွေ ဖြစ်နိုင်ခြေပိုများပါတယ်။ စိတ်ဖိစီးမှုတွေ များလာတာနဲ့အမျှ ဆံပင်ကျွတ်ခြင်း သို့ ဆံပင်ဖြူပေါက်ခြင်းများ ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။

Featured Photo : Shutterstock