မျက်နှာအင်္ဂါရုပ်ကို ထိခိုက်စေတဲ့ အရာတွေထဲမှာ ဝက်ခြံကိုလည်း ထည့်တွက်ရပါမယ်။ ဆားဝက်ခြံကို နှာခေါင်းတစ်ဝိုက်မှာ အတွေ့များတယ်ဆိုပေမယ့် ဝက်ခြံအမျိုးအစားများသလို ဖြစ်တဲ့နေရာနဲ့ ခံရတဲ့ဒဏ်ကလည်း တစ်ခုတစ်မျိုးပါပဲ။ ဝက်ခြံ ဖြစ်ရတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။

(၁) ဟော်မုန်း

Source: Proactiv

ဆားဝက်ခြံအပါအဝင် ဝက်ခြံတွေ ဘာကြောင့်ဖြစ်သလဲလို့ မေးလာရင် အလွယ်ဆုံး ဖြေလို့ရတာက ဟော်မုန်းကြောင့်ပါဆိုတဲ့ အဖြေပါပဲ။ ဝက်ခြံ အမျိုးမျိုးဟာ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တာ များပြီး Sebum အဆီဂလင်းထုတ်လုပ်မှု ပိုလျှံလို့လည်း ဖြစ်တတ်ပါတယ်။

(၂) အရွယ်ပြောင်းလဲခြင်း

Source: AcnEase

ဆယ်ကျော်သက်အရွယ် ရောက်လာချိန်မှာ ဟော်မုန်းပြောင်းလဲမှု ဖြစ်စဉ်က မြန်လာပါတယ်။ Sebum အဆီထုတ်မှု မြင့်လာချိန်မှာ မျက်နှာချွေးပေါက်တွေထဲက ဘက်တီးရီးယားနဲ့ အရေပြားဆဲလ်သေတွေ တွေ့ဆုံပြီး ကောင်းကောင်းသန့်ရှင်းမှု မလုပ်နိုင်ရင်လည်း ဖြစ်တတ်ပါတယ်။ ဘက်တီးရီးယားအမျိုးအစားပေါ် မူတည်ပြီး ဝက်ခြံပြဿနာ အကြီးအသေး ကွာတတ်ပါတယ်။

(၃) ဓမ္မတာလာခြင်း

Source: Verywell Health

အမျိုးသမီးတွေ ဝက်ခြံပေါက်တာ ၊ ဆားဝက်ခြံ ပွားလာတာကို ကြည့်ရင် ဓမ္မတာ မလာခင်နဲ့ လာပြီးအတွင်းမှာ ပိုဆိုးတာ တွေ့ရပါတယ်။ ဒါဟာ ခန္ဓာကိုယ်အပြောင်းအလဲ ရှိနေချိန် ဟော်မုန်းကြွလာခြင်းနဲ့ ဆက်စပ်ပါတယ်။ ဒီအချိန်မှာ Estrogen Level ကျဆင်းလာပြီး အဆီဂလင်းတွေကနေ အဆီတွေ ပိုထုတ်လာပါတယ်။ ဓမ္မတာနဲ့ ဆက်စပ်တဲ့ ဝက်ခြံအမျိုးအစားတွေက ၂ ရက်ကနေ ၁ ပတ်အတွင်း ပျောက်တတ်ပါတယ်။ အလားတူပဲ သားဆက်ခြားဆေးတွေကြောင့်နဲ့ ကိုယ်ဝန်ဆောင်နေချိန်အတွင်းမှာ ဝက်ခြံတွေ အထွက်များလာတတ်ပါတယ်။

(၄) နေမှုပုံစံ

Source: All About Acne

Lifestyle ကြောင့် ဆားဝက်ခြံအပါအဝင် ဝက်ခြံအဖြစ်များပါတယ်။ ဆားဝက်ခြံဆိုရင် ဆံပင်မှာပါတဲ့ အမွှေးအိတ်ထဲမှာ ဖြစ်တတ်တာကြောင့် အမွှေးအိတ်များလေလေ ဆားဝက်ခြံဖြစ်ဖို့ များလေလေပါပဲ။ အရေးကြီးတာက မျက်နှာပေါ် ဆံပင်ချထားတတ်တဲ့သူတွေမှာ ဆံပင်နဲ့ မျက်နှာ အပွတ်များပြီး Acnes ဘက်တီးရီးယား ပြန့်တတ်ပါတယ်။ ဒီဘက်တီးရီးယားဟာ ဆားဝက်ခြံပေါက်ဖို့ အားပေးတဲ့ ပိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် Workout လုပ်နေချိန်မှာလို ချွေးထွက်နေတဲ့ အခါမျိုးမှာ ဆံပင်ရှည်ရှိရင် စည်းထားတာတို့ ၊ မျက်နှာပေါ်က ဆံပင်တွေ ညှပ်ပေးတာတို့လုပ်သင့်ပါတယ်။

(၅) ချွေးထွက်လွန်ကဲခြင်း

Source: JustRunLah!

ချွေးကြောင့်တော့ ဝက်ခြံမဖြစ်ပါဘူး။ ဒါပေမယ့် ချွေးနဲ့ ဆက်စပ်ပြီး အရေပြား ယားယံတာဟာ ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ချွေးကြောင့် ဖြစ်တဲ့ ဝက်ခြံကို Pityrosporum Folliculitis လို့ ခေါ်ပြီး ချွေးထွက်ချိန် တစေးတစ်မျိုး ထုတ်ရာကနေ ဖြစ်တာပါ။ ရင်ဘတ်နဲ့ ကျောကုန်းတွေမှာ အဖြစ်များပါတယ်။ ယားယံပြီး နေရခက်တဲ့ ဝက်ခြံမျိုး ဖြစ်ပါတယ်။

(၆) ဖိအား

Source: Shutterstock

ဖိအားကြောင့်လည်း ဝက်ခြံဖြစ်တာကို ပိုဆိုးစေနိုင်ပါတယ်။ အန်ဒိုဂျင်တွေ အထွက်များလာချိန် ခန္ဓာကိုယ်ဟာ အဆီတွေ ပိုထုတ်ပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေဟာ စိတ်ဖိစီးနေချိန်မှာ အန်ဒိုဂျင် ပိုထွက်တာကြောင့် ဖိအားကြောင့် ဝက်ခြံပေါက်ရင် အမျိုးသမီးတွေက ပိုဆိုးတတ်ပါတယ်။

(၇) အစားအသောက်

Source: ShutterStock

အငန်စားရင် ဝက်ခြံပိုဆိုးစေတာတော့ လူသိများပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အမြန်စားနိုင်တဲ့ Fast Foods တို့ အာလူးချောင်းကြော်တို့ကို ရှောင်ဖို့ ပြောပါတယ်။ ကျန်းမာတဲ့ စားသောက်မှု ပုံစံပြောင်းခြင်းဟာ ဝက်ခြံဖြစ်မှုကနေ သက်သာစေပါလိမ့်မယ်။

(၈) ဆေးလိပ်

Source: pixabay.com

ဝက်ခြံအမျိုးမျိုးနဲ့ ဆေးလိပ် ဆက်စပ်မှုရှိပါတယ်။ ဆေးလိပ်ကြောင့် ဖြစ်တဲ့ ဝက်ခြံကို Acne Inversa လို့ ခေါ်ပါတယ်။ ဆေးလိပ်သောက်သူ ၈၇ % မှာ Acne Inversa ဖြစ်နိုင်ခြေရှိပါတယ်။