လူအတော်များများ အိပ်နေစဉ် ဟောက်တတ်ကြပါတယ်။ အိပ်ပျော်နေစဉ် နှာခေါင်းနဲ့ လည်မျိုပြွန်အကြား လေအဝင်အထွက် ပြဿနာ ရှိလို့ ဖြစ်ပါတယ်။ နှာခေါင်းနဲ့ လည်မျိုပြွန်အကြား လေအဝင်အထွက် ခက်ခြင်းကနေ ပတ်ပတ်လည် တစ်သျှူးတွေ တုန်ခါရာကနေ ဟောက်သံထွက်လာတာပါ။

အိပ်နေစဉ် ဟောက်ခြင်း Snoring ဖြစ်ခြင်းဟာ နည်းနည်း ရှုပ်ထွေးပြီး ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေလည်း များပြားလှပါတယ်။ အသက်အရွယ်ကလည်း အိပ်နေစဉ် ဟောက်စေနိုင်တဲ့ အကြောင်းထဲမှာ ပါပါတယ်။ အသက်ကြီးလာချိန်မှာ လည်မျိုပြွန်ကြွက်သားတွေ သေးလာပြီး လည်ချောင်းပြွန်ကျဉ်းလာရာကနေ ‌အိပ်နေစဉ် ဟောက်တတ်ပါတယ်။

Photo: Freepik

နောက်တစ်ခုက အဝလွန်တာပါပဲ။ Overweight ဖြစ်နေသူတွေဟာ လည်မျိုပြွန်တစ်သျှူးအဆီများပြီး ကြွက်သားဖွံ့ဖြိုးမှုအားနည်းတတ်ပါတယ်။ မျိုးရိုးရှိရင်လည်း အိပ်နေစဉ်ဟောက်တတ်ပါတယ်။ လည်မျိုပြွန်နဲ့ နှာနုရိုးတစ်သျှူးတွေ ကြီးလွန်းတဲ့သူတွေ ၊ နှာခေါင်းပေါက် ပြဿနာရှိသူ‌တွေနဲ့ အသက်ရှုလမ်းကြောင်းအမြှေးပါး ယောင်ယမ်းနေသူတွေလည်း အိပ်နေစဉ် ဟောက်တတ်ပါတယ်။

အိပ်နေစဉ် ဟောက်တတ်တဲ့ အကြောင်းရင်းတွေထဲမှာ ကိုယ်စားသောက်တဲ့ အစားအသောက်နဲ့လည်း ဆိုင်ပါတယ်။ ဆေးလိပ်နဲ့ အရက်သေစာ သောက်စားမှု များတဲ့သူတွေဟာ အသက်ရှုလမ်းကြောင်း ပြဿနာ ဖြစ်ရာကနေ ဟောက်တတ်ပါတယ်။ တစ်ချို့ ဆေးဝါးတွေကြောင့်လည်း ကြွက်သားတွေ ပြေလျော့သွားပြီး အသက်ရှုနေစဉ် လေအဝင်အထွက်ခက်ပြီး ဟောက်စေနိုင်ပါတယ်။
နောက်တစ်ခုက အိပ်တဲ့ ပုံစံ ဖြစ်ပါတယ်။ ပက်လက်လှန်အိပ်တဲ့ အနေအထားဟာ လည်ပင်းထဲ လေအဝင်အထွက် ခက်စေပြီး လျှာနဲ့ မေးရိုးအနေအထား မှားရာကနေ အိပ်နေစဉ် ဟောက်တာမျိုး ဖြစ်နိုင်ပါတယ်။

Source : ResMed

အိပ်ရင်းနဲ့ အသက်ရှုရပ်သွားတတ်တဲ့ Sleep Apnea ရှိတယ်ဆိုရင်လည်း ဟောက်နိုင်ပါတယ်။ တကယ်လို့ ကိုယ့်မှာ Sleep Apnea ရှိတယ်လို့ ထင်ရင်တော့ ဆရာဝန်နဲ့ အမြန်ပြသင့်ပါတယ်။