မာန်သွင်းနေတဲ့ ကျားတစ်ကောင်ရဲ့ ပုံကို ဆေးမှင်ကြောင်ထိုးထားတဲ့ အမျိုးသားတွေကို မြင်ဖူးကြမှာပါ။ ကြောင်မျိုးနွယ်ဝင်ထဲက အကြီးဆုံးဆိုတဲ့ ကျားပုံ ဆေးမှင်ကြောင်ဟာ ရက်စက်ခက်ထန်မှု ၊ သတ္တိရှိခြင်း ၊ သက်တမ်းရှည်ကြာခြင်း ၊ ကြီးမြတ်မှုနဲ့ ခွန်အားဆိုတဲ့ အချက်တွေနဲ့ ဆက်စပ်မှု ရှိပါတယ်။

အရှေ့တိုင်းယဉ်ကျေးမှုအရ ကျားဟာ ကံဆိုးခြင်း ၊ မကောင်းနိမိတ်နဲ့ ဖျားနာမှုတွေကနေ ကင်းဝေးစေနိုင်တယ်လို့ ယူဆထားပြီး ကျားအဖြူကတော့ ကာကွယ်မှု နဲ့ စိတ်အင်အားဆိုင်ရာ လမ်းပြအဖြစ် အဓိပ္ပါယ်ယူကြပါတယ်။ ဒီလိုမျိုး စိတ်ဝိဉာဉ်ပိုင်းရော အဓိပ္ပါယ်တင်စားမှုအရပါ ကျားဟာ အရေးပါအရာရောက်တဲ့ လက္ခဏာဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်မှာ ကျားပုံတက်တူးကို အမေရိကန်ရိုးရာမှင်နဲ့ မျိုးနွယ်ပုံတက်တူးကနေ ကြီးမားပြီး အရောင်အသွေး စုံလင်တဲ့ ဂျပန်တက်တူးတွေအဖြစ်ပါ အရေပြားပေါ်မှာ ထိုးလေ့ရှိကြပါတယ်။

color-ink-tiger-tattoo-on-man-left-shoulder

Photo: tattoostime

ကျားပုံတက်တူးတွေဟာ ဒေသအလိုက် သူ့သင်္ကေတနဲ့သူ ရှိပါတယ်။ ဂျပန်ရိုးရာတက်တူးတွေမှာ တွေ့ရတဲ့ ကျားဟာ သတ္တိကောင်းခြင်း ၊ အသက်ရှည်ခြင်း နဲ့ ခွန်အားဗလကို ရည်ညွှန်းပါတယ်။ တောက်ပတဲ့ လိမ္မော်နဲ့ အနက်ရောင်အစင်းတွေ သုံးပြီး ကျားပုံတက်တူးတွေကို ဆွဲလေ့ရှိပါတယ်။ အပြာရောင်မျက်လုံးနဲ့ အဖြူရောင်ကျားပုံစံ တက်တူးတွေလည်း ထိုးကြတာပါပဲ။

တရုတ်မှာ ထိုးတဲ့ ကျားတက်တူးတွေက တမျိုးတစ်ဘာသာပါ။ တရုတ်ယဉ်ကျေးမှုမှာ ကျားဟာ ရာသီခွင်နက္ခတ်ထဲက သင်္ကေတတစ်ခု ဖြစ်ပြီး ကျားနှစ်ဖွားတွေဆိုရင် သတ္တိရှိတယ် , ယှဉ်ပြိုင်လိုစိတ်ရှိပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်မြင့်မားတယ်လို့ အယူရှိပါတယ်။ ကျားရဲ့ ပင်ကိုယ်သဘောကိုယ်က လေးစားကြည်ညိုထိုက်ခြင်း ထူးခြားဆန်းပြားခြင်းတွေ ပါဝင်နေပါတယ်။ တာအိုဝါဒမှာ ကျားပုံဟာ ကြောက်စိတ်နဲ့ နိုးကြားသိမြင်မှုကို ခေါ်ဆေင်နိုင်တဲ့ ယင်စွမ်းအင်ဖြစ်ပြီး နဂါးကတော့ စွမ်းအင်နဲ့ ကြွယ်ဝမှုကို ကိုယ်စားပြုတဲ့ ယန်းသဘောသက်ဝင်ပါတယ်။

man-with-tiger-tattoo-on-arm

Photo: nextluxury

အိန္ဒိယဓလေ့မှာတော့ ကျားဟာ လှပခန့်ညားမှု ၊ ကြီးကျယ်ခမ်းနားမှု ၊ အာဏာနဲ့ ရက်စက်မှု သင်္ကေတတစ်ခု ဖြစ်ပါတယ်။ ဘင်္ဂလားကျားဆိုရင် ရှေးဒဏ္ဍာရီနဲ့ ဇာတ်ကြောင်းတွေမှာ အခရာကျတဲ့ဇာတ်ကောင်တစ်ခုတောင် ဖြစ်ခဲ့ပြီး အိန္ဒိယရဲ့ အမျိုးသားအမှတ်လက္ခဏာတိရစ္ဆာန်တစ်ကောင်အဖြစ်လည်း အသိအမှတ်ပြုထားပါတယ်။ တက်တူးမှာ ကျားဖြူပုံ ထိုးရင် ဒါဟာ ခွန်အားနဲ့ ကြမ်းကြုတ်ခက်ထန်မှုကိုတင် ပြောတာ မဟုတ်ဘဲ စိတ်ဝိညာဉ်ပိုင်းအရလည်း အမြင်နိုးကြားပွင့်လင်းမှုနဲ့ မြင့်မားခြင်းကို ကိုယ်စားပြုပါတယ်။

forearm-sleeve-guys-tattoos-with-tiger-eyes-design

Photo: nextluxury

ကျားမျက်လုံးတွေကို တက်တူးထိုးတာကတော့ စိတ်ဓါတ်တက်ကြွထက်သန်ခြင်း ၊ သံဓိဌာန်ခိုင်မာခြင်း ၊ ခွန်အားကြီးခြင်းနဲ့ သတ္တိသဘောကို ပြပါတယ်။ ရိုးရာကျားပုံစံ သင်္ကေတတွေဟာ မြင့်မြတ်မှု ၊ ခွန်အား ၊ ဂုဏ် ၊ စွမ်းအား ၊ ဩဇာ နဲ့ လမ်းပြနိုင်စွမ်း စတဲ့ သဘောတွေ သက်ဝင်ပါတယ်။ ကျားတွေဟာ ရှေးကတည်းက သန်မာမှုနဲ့ ဦးဆောင်နိုင်စွမ်းအတွက် အမှတ်အသားတစ်ခုလို ဖြစ်နေတာကြောင့် ကျားပုံတက်တူးထိုးတာဟာ ဦးဆောင်မှုပြုနိုင်တဲ့ ယောင်္ကျားဖြစ်ကြောင်း ပြဖို့အတွက် ကောင်းမွန်တဲ့ တင်ပြချက်ဖြစ်နိုင်ပါတယ်။