ဟောလီးဝုဒ်ရုပ်ရှင်မင်းသားချော တွမ်ခရုဇ်ဟာ လူပြောအများဆုံး ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ အသက် ၅၈ နှစ်ရှိပြီ ဖြစ်တဲ့ မင်းသားကြီးဟာ ဒေါ်လာသန်း ၅၇၀ ခန့် ချမ်းသာသူ ဖြစ်ပြီး သရုပ်ဆောင်ကြေးအမြင့်ဆုံးမင်းသားတွေထဲမှာလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

ဒီလောက်ချမ်းသာတဲ့ မင်းသားကြီးတွမ်ခရုဇ် ပိုက်ဆံတွေ ဘယ်လိုနေရာမှာ အများဆုံး သုံးသလဲဆိုတာ စိတ်ဝင်စားစရာပါ။ များသောအားဖြင့် တွမ်ခရုဇ်ဟာ ရင်းနှီးမြှပ်နှံမှုတွေမှာ ငွေအများအပြား သုံးပါတယ်။ ကတ်တီဟုမ်းနဲ့ မကွဲခင် ၂၀၀၇ ခုနှစ်က Beverly Hills မှာ ဒေါ်လာသန်း ၃၀ ကျော်တန် အိမ်ကြီး ဝယ်ယူခဲ့သလို စုစုပေါင်း ဒေါ်လာ ၃၈ သန်း ကျသင့်တဲ့ G450 Private Jet တစ်စင်းလည်း ဝယ်ထားပါတယ်။

Photo: TheRichest

သူဟာ ကိုယ်ရံတော်တွေ ငှားဖို့အတွက်လည်း ပိုက်ဆံကို ရက်ရက်ရောရောသုံးတတ်ပါသေးတယ်။ ပါပါရာဇီတွေရဲ့ ရန်ကနေ သူ့သမီးလေး ဆူရီကို ကာကွယ်ပေးဖို့ ခေါ်ထားတဲ့ ဘော်ဒီဂတ်အတွက်ပဲ တစ်ပတ်ကို ဒေါ်လာ ၅ သောင်း သုံးသူ ဖြစ်ပါတယ်။ နောက်ထပ် ထူးထူးခြားခြား စိတ်ဝင်စားစရာကိစ္စတစ်ခုလည်း ရှိပါသေးတယ်။

သူဟာ Church of Scientology လို့ ခေါ်တဲ့ သိပ္ပံနဲ့ နာမ်ဝိညာဉ်ပိုင်းဆိုင်ရာ ရောမွှေထားတဲ့ အယူဝါဒကို လက်ခံတဲ့ အဖွဲ့အစည်းမှာ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ ၁၉၅၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ ဒီအဖွဲ့အစည်းဟာ အစိုးရအဖွဲ့အစည်းတွေရဲ့ သင်္ကာမကင်းဖြစ်မှုတွေနဲ့ ဝိဝါဒကွဲစရာတွေ အများကြီး ရှိတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

တွမ်ခရုဇ်ဟာ ဒီအဖွဲ့အစည်းကို အရက်ရောဆုံးလှူဒါန်းလေ့ရှိသူ ဖြစ်ပြီး Business Insider သတင်းအရဆိုရင် သူဟာ ဒေါ်လာ ၂၅ သန်းအထိ လှူခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး သရုပ်ဆောင်စာရင်းဝင် မင်းသားဖြစ်တဲ့အတိုင်း တန်ဖိုးကြီး ဇိမ်ခံကားတွေ မထပ်တမ်း စီးတာတွေကတော့ ပြောစရာလိုမယ် မထင်ပါဘူး။

Photo: Finance Rewind

မေလလယ်လောက်က Sky News သတင်းတစ်ပုဒ်ကတော့ ထူးပါတယ်။ ကမ္ဘာနာမည်အကြီးဆုံး စတန့်မင်းသားတွမ်ခရုဇ်ဟာ COVID-19 ကပ်ဘေးကြောင့် ရိုက်လက်စ Mission Impossible:7 ရုပ်ရှင်အဖွဲ့သားတွေ အလုပ်လုပ်နိုင်ဖို့ ရိုက်ကူးရေးအဖွဲ့သားအားလုံး တင်ဆောင်နိုင်မယ့် Cruise Ship နှစ်စင်းကို ဒေါ်လာ ၆သိန်းခွဲပေးပြီး ငှားထားတယ်လို့ ဆိုပါတယ်။