လူတစ်ယောက်က ယေဘုယျအားဖြင့် တစ်နေ့ကို ထမင်းသုံးနပ်စားရပါတယ်။ သူ့အချိန်နဲ့သူ ထမင်းမှန်မှန် စားမှလည်း ကျန်းမာကြံ့ခိုင်ပြီး ရောဂါဘယတွေ ကင်းဝေးတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ သို့ပေမယ့် ယနေ့ခေတ်မှာ လူတော်တော်များများက မနက်အိပ်ယာထ နောက်ကျလို့ ကျောင်းနောက်ကျမှာစိုးလို့ ရုံးနောက်ကျမှာစိုးလို့ ဆိုပြီး မနက်စာ လွှတ်သွားတတ်ကြပါတယ်။

တစ်ရက်တစ်လေက ကိစ္စမရှိပေမယ့် မနက်စာ မစားတဲ့အလေ့အထက အကျင့်ကြီးတစ်ခုလိုစွဲကပ်လာရင်တော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ကျန်းမာရေးအတွက် ဘယ်လိုဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်သလဲဆိုတာကို ဆက်ဖတ်ကြည့်လိုက်ရအောင်။

ကိုယ်အလေးချိန်တက်ခြင်း

ညဘက်မှ အနားယူအိပ်စက်ပြီးလို့ မနက်နိုးထလာတဲ့အချိန်မှာ ခန္ဓာကိုယ်ကြွက်သားများနဲ့ ဦးနှောက်အလုပ်လုပ်ဖို့ရန်အတွက် လိုအပ်တဲ့ သကြားဓာတ်က လျော့နည်းနေတတ်ပါတယ်။ ထိုသကြားဓာတ်ကို မနက်စာ စားခြင်းဖြင့် ပြန်လည်ဖြည့်တင်းပေးရတာပါ။

အကယ်၍ မနက်စာ မစားဘူးဆိုရင် ခန္ဓာကိုယ်က အစားအစာလောင်စာကို မရရှိတဲ့အတွက်ကြောင့် တစ်နေ့တာလုံး အလုပ်လုပ်ဖို့ရန်အတွက် လုံလောက်တဲ့စွမ်းအင်တွေကို မရရှိတော့ပါဘူး။ မနက်စာ လွှတ်သွားတော့ နေ့လည်စာ၊ ညစာတွေကို အတိုးချပြီး စားပစ်လိုက်သလို ဖြစ်သွားတတ်ပါတယ်။ ဒါဆိုရင်တော့ ကိုယ်အလေးချိန်တက်ဖို့ အခွင့်အလမ်းတွေ များလာပါပြီ။

မှတ်ဥာဏ်စွမ်းအား လျော့ကျခြင်း

Source: Shutterstock

ကလေးလေးတွေကို လူကြီးတွေက အစားအစာကို အချိန်နဲ့အခါနဲ့ ကျွေးပြီး မနက်စာလည်း စနစ်တကျကျွေးလေ့ရှိပါတယ်။ ဒါ့ကြောင့် သင် ကလေးဘဝမှာ ဥာဏ်ပိုကောင်းနေတာ ထူးဆန်းတဲ့အရာမဟုတ်ပါဘူး။ အသက်တဖြည်းဖြည်းကြီးလာလို့ ကိုယ့်ကိုယ်ကို စောင့်ရှောက်ရမယ့်အချိန်မှာတော့ မနက်စာလည်း လွှတ်လာပါတော့တယ်။

မနက်စာလွှတ်သွားမယ်ဆိုရင် ဦးနှောက်ရဲ့ စွမ်းဆောင်ရည်လည်း လျော့နည်းပြီး မှတ်ဥာဏ်အားလည်း ကျဆင်းလာပါလိမ့်မယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ ဥာဏ်ထိုင်းသွားတတ်ပါတယ်။

လေ့လာတွေ့ရှိချက်အရ မနက်စာ စားတဲ့ကလေးတွေက မနက်စာ မစားတဲ့ကလေးတွေထက် စာမေးပွဲရလဒ် ပိုမိုကောင်းမွန်တာကို တွေ့ရပါတယ်။ ဒါက ဘာ့ကြောင့်လဲဆိုရင် သူတို့ရဲ့ အာရုံစူးစိုက်နိုင်စွမ်းက မြင့်မားနေပြီး ကျက်မှတ်လေ့လာထားတဲ့စာတွေကို အချိန်အကြာကြီး မှတ်မိနေလို့ပဲဖြစ်ပါတယ်။

ဆီးချိုရောဂါ ခံစားရနိုင်ချေ မြင့်မားခြင်း

မနက်စာ မစားဘူးဆိုရင် ဆာလောင်မွတ်သိပ်မှုကို ခံစားနေရမှာဖြစ်ပြီး သွေးတွင်းသကြားဓာတ်ကလည်း လျော့ကျနေပါလိမ့်မယ်။ နေ့လည်စာ၊ ညစာကျမှ အသားကုန် ပြန်စားမယ်ဆိုရင် သကြားဓာတ်က တက်လိုက်၊ ကျလိုက်နဲ့ ညီမျှနေမှာမဟုတ်ပါဘူး။ ဒီလို ဂလူးကို့စ်ဓာတ် အတက်အကျမြန်ခြင်း၊ မညီမျှခြင်းတို့က ဆီးချိုရောဂါကို ခံစားရစေမယ့် တရားခံတွေပဲဖြစ်ပါတယ်။

နှလုံးရောဂါ ခံစားရဖို့ အလားအလာ မြင့်မားခြင်း

“မနက်ပိုင်းမှာ ရုံးချိန်အမှီပြေးလွှားနေရလို့ မနက်စာ စားဖို့တောင် အချိန်မရပါဘူး။ ဒါပေမဲ့ အကျင့်ဖြစ်သွားတော့ ဗိုက်မဆာတော့ဘူး” လို့ တခြားသူတွေပြောတာ ကြားဖူးပါလိမ့်မယ်။ ဘယ်လောက်ပဲ မဆာဘူးလို့ ထင်နေပါစေ ကျန်းမာတဲ့လူနေမှုဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ မနက်စာပုံမှန်စားသင့်ပါတယ်။ ဟားဗတ်ဒ် တက္ကသိုလ်က လေ့လာစမ်းသပ်ချက်အရ မနက်စာ မစားတဲ့ အမျိုးသားတွေက မနက်စာ စားတဲ့ အမျိုးသားတွေထက် နှလုံးရောဂါ ခံစားရနိုင်ချေ ၂၇ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားနေတယ် ဆိုတာပါပဲ။

Source: rd.com