လီဗာပူးလ်အသင်းဟာ ယခုဆောင်းရာသီ အာဖရိကဖလားပြိုင်ပွဲအတွက် ဆာဒီယို မာနေးနဲ့ မိုဟာမက် ဆာလားတို့ရဲ့ထွက်ခွာမှုကို ကြန့်ကြာစေမယ့် သဘောတူညီမှု ရရှိဖို့ မျှော်လင့်နေပါတယ်။

Liverpool v Chelsea - Premier League

Photo: Redacaoemcampo

ဖီဖာက လက်ရှိ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းအရ ခြေစစ်ပွဲအောင်မြင်ထားတဲ့နိုင်ငံအသင်းအားလုံးဟာ ၎င်းတို့ရဲ့ ကစားသမားတွေကို စေလွှတ်ဖို့ ကလပ်အသင်းတွေကို ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ တောင်းဆိုနိုင်တယ်လို့ သိရပြီး ဖေဖော်ဝါရီ ၆ ရက်နေ့အထိ ပြိုင်ပွဲကို ကျင်းပသွားမှာဖြစ်ပါတယ်။

အဲဒါကြောင့် ဆာလား၊ မာနေး၊ ကီတာတို့ဟာ လီဗာပူးလ်အသင်းရဲ့ ပွဲစဉ် ၈ ပွဲလောက်အထိ လွဲချော်ဖွယ်ရှိနေတာဖြစ်ပြီး ချဲလ်ဆီး၊ လက်စတာစီးတီးတို့နဲ့ကစားရမယ့် အရေးကြီးတဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပါဝင်ကစားပေးနိုင်ဖွယ်မရှိတော့တာဖြစ်ပါတယ်။ ဒါပေမယ့်လည် ကလော့ပ်က လာမယ့်လ နိုင်ငံတကာပွဲစဉ် အားလပ်ရက်အတွင်း ၎င်းတို့ရဲ့ ကစားသမားတွေကို ဇန်နဝါရီလလောက်မှ အသင်းကနေ စေလွှတ်မှာကို ခွင့်ပြုလာအောင် စည်းရုံးဖို့အတွက် လက်ရွေးစင်အသင်းတွေနဲ့ ဆွေးနွေးသွားဖို့ စီစဉ်နေတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။

Mohamed Salah

Photo: Eurosport

လီဗာပူးလ်အသင်းဟာ ဇန်နဝါရီလ ၂ ရက်နေ့ စတမ်းဖို့ဒ် ဘရစ်ချ်ကို သွားရောက်ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်အတွက် ဆာလား၊ မာနေးနဲ့ ကီတာတို့ကို ရှိနေစေချင်နေတာဖြစ်ပြီး လီဗာပူးလ်ကြယ်ပွင့်တွေဟာ အာဖရိကဖလားပြိုင်ပွဲမစမီ ကင်မရွန်းကို ထွက်ခွာရမှာဖြစ်ပါတယ်။

မာနေးရဲ့ ဆီနီဂေါ၊ ကီတာရဲ့ ဂီနီယာအသင်းတို့ဟာ ဇန်နဝါရီ ၁၀ ရက်နေ့မှာ ဖလားပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဆာလားရဲ့အီဂျစ်ကတော့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ကစားသွားရမှာဖြစ်တာကြောင့် လီဗာပူးလ်အသင်းက ကြယ်ပွင့်ကစားသမား ၃ ဦးကို ဇန်နဝါရီ ၂ ရက်နေ့ပွဲစဉ်အပြီးမှ အသင်းကနေ ထွက်ခွာခွင့်ပေးမှာကို လက်ခံလာအောင် ဆွေးနွေးသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

Featured Photo: Liverpool Echo