မန်ချက်စတာစီးတီးအသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ လာမယ့် ၂ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ဆို့မှုပြစ်ဒဏ်ချမှတ်ခံရပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ ချယ်ဆီး၊ အာဆင်နယ်နဲ့ တော့တင်ဟမ်တို့အတွက် အကျိုးရှိလာဖွယ်ရှိတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။
Photo: Manchester Eveningnews
ဥရောပဘောလုံးအဖွဲ့ချုပ်က သောကြာနေ့မှာ မန်ချက်စတာစီးတီးအသင်းဟာ ဘဏ္ဍာရေးဆိုင်ရာမျှတစွာယှဉ်ပြိုင်ရေးစည်းမျဉ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တဲ့အတွက် ၂၀၂၀-၂၀၂၁၊ ၂၀၂၁-၂၀၂၂ ရာသီတွေမှာ ဥရောပပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကနေ ပိတ်ဆို့ခံရမှာဖြစ်တယ်လို့ ကြေညာသွားခဲ့တာဖြစ်ပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အားကစားခုံသမာဓိရုံးကို အယူခံဝင်ခွင့်ရှိပေမယ့်လည်း လက်ရှိပရီးမီးယားလိဂ်ချန်ပီယံဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းဟာ ဒဏ်ကြေးအဖြစ် ပေါင် ၂၅ သန်းကို မဖြစ်မနေ ပေးဆောင်စေခြင်း ခံရလိမ့်မယ်လို့ သိရပါတယ်။
မန်ချက်စတာစီးတီးအသင်းအနေနဲ့ အယူခံဝင်သွားဖို့ ဆန္ဒရှိကြောင်း အတည်ပြုပြောကြားခဲ့ပေမယ့် တကယ်လို့ မအောင်မြင်ခဲ့ဘူးဆိုရင်တော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားဖွယ်ရှိနေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အင်္ဂလန်လိပ်ရဲ့ ဥရောပဝင်ခွင့်နဲ့ပတ်သက်ပြီး ဘာတွေဖြစ်လာမလဲဆိုတာကို ပရီးမီးယားလိဂ်နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်တို့က အတည်ပြုခြင်းမရှိသေးဘဲ ဥရောပပြိုင်ပဲွဲအတွက် ယူအီးအက်ဖ်အေရဲ့ စံသတ်မှတ်ချက် စာပိုဒ် ၄.၀၈ အရ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဝန်ခံခြင်းမရှိတဲ့အသင်းနေရာမှာ တူညီတဲ့ ထိပ်တန်းပြည်တွင်းချန်ပီယံရှစ်အဖွဲ့အစည်းက စံသတ်မှတ်ချက်နဲ့ ပြည့်မီတဲ့ နောက်ထပ်အကောင်းဆုံးနေရာရထားတဲ့အသင်းသစ်ကို အစားထိုးနိုင်သည်လို့ ဖော်ပြထားတာဖြစ်ပါတယ်။
Photo: Standard
ဒါကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၄ နေရာက ချယ်ဆီးအသင်းရဲ့နေရာကို ရယူဖို့ ကြိုးပမ်းနေကြတဲ့ ရှက်ဖီးယူနိုက်တက်၊ တော့တင်ဟမ်၊ အဲဗာတန်၊ မန်ချက်စတာယူနိုက်တက်၊ ဝုဗ်နဲ့ အာဆင်နယ်တို့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ နောက်ထပ်အားတက်စရာဖြစ်လာပြီလို့ ဆိုရမှာဖြစ်ပါတယ်။