တက္ကသိုလ်တက်ရတော့မယ့်အချိန်ဟာ လူငယ်တစ်ယောက်အတွက် ဘဝတစ်ခုလုံးကို ပြောင်းလဲစေမယ့် ဆုံးဖြတ်ချက်ကို ချရတော့မယ့် အချိန်ပါပဲ။ အထက်တန်းကျောင်းသားဘဝကနေ တက္ကသိုလ်ကျောင်းသားဘဝဆိုတာ သိပ်ကို ကွာခြားပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ တက္ကသိုလ်ဟာ ကိုယ့်ရဲ့အနာဂါတ်လမ်းကြောင်း ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် တက္ကသိုလ်မေဂျာဘာသာရပ်တွေ ရွေးတော့မယ်ဆိုရင် အခုပြောတဲ့အမှားတွေ မလုပ်မိဖို့ လိုပါတယ်။

(၁) လစာကောင်းမယ့် ဘာသာရပ်ပဲ ရွေးခြင်း

writing-lecture-big-textbook-sitting-floor-with-college-friends-young-man-typing-message-phone-while-other-students-working

Photo: Freepik

တက္ကသိုလ်ဘာသာရပ်ကို စီးပွားရေးအမြင်သက်သက်နဲ့ ရွေးလိုက်ရင် ‌နောင်တစ်ချိန် ကိုယ့်အလုပ်မှာ ကိုယ်မပျော်နိုင်တဲ့သူဖြစ်လာနိုင်ပါတယ်။ အချိန်ပြည့်အလုပ်ဆိုတာ တစ်ပတ်ကို အနည်းဆုံး နာရီပေါင်း ၄၀ ဝန်းကျင် အချိန်ပေးရတာ ဖြစ်ပါတယ်။ ကိုယ်ကြိုက်ရင်ပဲ ဖြစ်ဖြစ် မကြိုက်ရင်ပဲ ဖြစ်ဖြစ် အလုပ်မှာ တစ်လကို အနည်းဆုံး နာရီ ၁၆၀ ကနေ ၂၀၀ အကြား အချိန်ကုန်ရမယ့်အချက်ကို ထည့်စဉ်းစားပါ။

ကိုယ့်အတွက် ငွေရှာရ ပိုလွယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ်တကယ်အားသန်တဲ့ ဘာသာရပ်တွေ ၊ ကိုယ် Passion ဖြစ်တဲ့ လမ်းကြောင်းတွေကို စွန့်လွှတ်လိုက်တာဟာ မဟာအမှားကြီးပါပဲ။ ဘယ်ဘာသာရပ်မဆို တကယ်သာ ပရော်ဖက်ရှင်နယ်ကျကျ ကျွမ်းကျင်မယ် ၊ တစိုက်မတ်မတ် တိုးတက်အောင် ကြိုးစားသွားမယ်ဆိုရင် ပိုက်ဆံဆိုတာ ကိုယ့်နောက်က ထပ်ချပ်မကွာ လိုက်လာပါလိမ့်မယ်။

(၂) ရည်ရွယ်ချက်မရှိဘဲ ရွေးချယ်ခြင်း

group-students-posing-table

Photo: Freepik

အစီအစဉ်မရှိတာဟာ ပျက်စီးဖို့ စီစဉ်နေတာပဲဆိုတဲ့ စကားရှိပါတယ်။ တက္ကသိုလ်တက်မယ့်ကိစ္စတွေမှာ သေချာအချိန်ပေးပါ။ ငါဘယ်ဘာသာရပ်ကို ဝါသနာပါသလဲ ၊ ဘယ်ဘာသာရပ်နဲ့ ငါ့စရိုက်နဲ့ ကိုက်ညီသလဲ ၊ ငါတစ်သက်လုံး နောင်တမရမယ့် ဘာသာရပ်က ဘာလဲဆိုတာ အချိန်ပေးစဉ်းစားပါ။ ဒီဘာသာရပ်ကို ရွေးလို့ ရှေ့လျှောက် ဖြစ်လာနိုင်မယ့် အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေကို ကြိုပြီး တွက်ဆထားပါ။ ကိုယ်တစ်ယောက်တည်း မဆုံးဖြတ်တတ်ရင် ဆရာသမားတွေနဲ့ ကျွမ်းကျင်သူတွေကို တိုင်ပင်ပြီး အကြံယူသင့်ပါတယ်။

(၃) သူငယ်ချင်းတွေ ယူလို့ လိုက်ယူခြင်း

portrait-from-back-tired-students-stretching-after-long-work-indoor-photo-office-workers-fooling-around-during-meeting-conference-hall-with-big-windows

Photo: Freepik

အထက်တန်းကျောင်းတုန်းက ကိုယ့်သူငယ်ချင်းတွေနဲ့ တစ်ခုံတည်း ထိုင်ချင်တယ် ၊ တစ်တန်းတည်း ရောက်ချင်တယ်ဆိုတာ ခွင့်ပြုလို့ရပါတယ်။ တက္ကသိုလ်မေဂျာရွေးချိန်မှာတော့ ကိုယ့်ဘဝလမ်းကြောင်းကိုယ် ပုံဖော်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေ လျှောက်တဲ့မေဂျာမို့ ကိုယ်ပါ လိုက်ပြီး လျှောက်ထားတာမျိုး မဖြစ်ပါစေနဲ့။ ဝါသနာချင်းတူရင်တောင် Skillsets ချင်းဆိုတာ ကွဲပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လုံးဝမတူကွဲပြားတာကို လက်ခံပါ။ ကိုယ့်ရဲ့ Personal Goals နဲ့ စရိုက်ပေါ်လိုက်ပြီးပဲ တက္ကသိုလ်မေဂျာဘာသာရပ် ရွေးပါ။

(၄) ပျော်စရာကောင်းမယ်ထင်လို့ ရွေးချယ်ခြင်း

smiling-african-student-pointing-with-pencil-laptop-screen-concentrated-blonde-woman-glasses-propping-chin-with-hand-while-working-with-computer-office

Photo: Freepik

တချို့သူတွေ တက္ကသိုလ်ရွေးတယ်ဆိုတာ စိတ်ကူးယဉ်မှုကို အခြေခံပြီး ရွေးလိုက်တာပါ။ တီဗွီတွေ ၊ စာအုပ်တွေထဲက မြင်ဖူး ဖတ်ဖူးတဲ့ တက္ကသိုလ်ဘဝမျိုး ရချင်လို့ ကျောင်းရွေးလျှောက်တဲ့သူတွေ ရှိတတ်ကြပါတယ်။ တကယ်က တချို့ပျော်စရာတွေက စိတ်ကူးယဉ်ကြည့်ဖို့ပဲ ကောင်းတာပါ။ တကယ်တမ်းမှာတော့ ကိုယ်ထင်ထားသလိုလည်း ဖြစ်ချင်မှ ဖြစ်တာပါ။ ဒီထက် အရေးကြီးတာက တက္ကသိုလ်ဆိုတာ ပျော်ပါးဖို့သက်သက် စိတ်ကူးယဉ်ကောင်းရုံ နေရာတစ်ခုမဟုတ်ဘူးဆိုတာပါပဲ။

(၅) မိဘတွေ သဘောကျ ရွေးခြင်း

back- of - the-students

Photo: Freepik

မိဘက ယူခိုင်းလို့ ဒီတက္ကသိုလ်တက်လိုက်ရပါတယ်ဆိုတဲ့ သူတွေလည်း ရှိကြပါတယ်။ တချို့မိဘတွေဟာ သူတို့မရောက်ခဲ့တဲ့ နေရာကို သားသမီးတွေ ရောက်စေဆိုပြီး တာဝန်ပေးတတ်ကြပါတယ်။ ကိုယ့်သားသမီးက အဲ့ဒီမေဂျာကို တကယ်စိတ်အားထက်သန်သလား ၊ သူ့ပါရမီနဲ့ အစွမ်းအစက ဘယ်ဘက်မှာ ချွန်သလဲဆိုတာ မကြည့်တတ်ကြပါဘူး။ အဆုံးမှာတော့ မိဘ စိတ်ချမ်းသာစေဖို့ မျက်စိမှိတ်ပြီး ရွေးတက်လိုက်တဲ့ ဘာသာရပ်ကြောင့် ကိုယ်ဖြစ်သင့်သလောက် ဖြစ်မလာခဲ့သလို ကိုယ့်ပါရမီလည်း ပြခွင့်မရတာမျိုးအထိ ဖြစ်သွားနိုင်ပါတယ်။