အထီးကျန်ခြင်း ဝေဒနာဟာ မပေါ့ဆသင့်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ယနေ့လူအများစုဟာ စိတ်ဖိစီးခြင်းနှင့် အထီးကျန်ခြင်းတွေကို များစွာခံစားနေကြရပါတယ်။ အထီးကျန်ခြင်းဝေဒနာခံစားရတာတဲ့အခါ လူမှု့အသိုင်းအဝိုင်းနဲ့ တဖြေးဖြေးဝေးကွာလာပြီး တစ်ကိုယ်တည်းစိတ်ပိုင်းဆိုင်ရာအခြေအနေတွေကြားမှာ ရုန်းလေနစ်လေဖြစ်လာ တက်ပါတယ်။ ဒါကြောင့် အထီးကျန်ခြင်းအခြေအနေမှ ရုန်းထွက်နိုင်မယ့် နည်းလမ်းကောင်းတစ်ချို့ကိုပြောပြပေးချင်ပါတယ်။

(၁) လူတွေနဲ့ထိတွေ့ဆက်ဆံပါ

Source : Freepik

အထီးကျန်ပြီဆိုကတည်းက တစ်ကိုယ်တည်းသီးခြားနေနေမိတယ်ဆိုတာ ငြင်းဆိုဖွယ်မရှိပါဘူး။ လူတွေနဲ့ အဆက်အဆံမလုပ်တာကြာလာရင် လူတွေနဲ့ ပိုဝေးပြီး အထီးကျန်ခြင်းဝေဒနာက ပိုဆိုးသွားနိုင်ပါတယ်။ဒါကြောင့် အတက်နိုင်ဆုံးလူတွေနဲ့ ထိတွေ့ဆက်ဆံနိုင်မယ့်နည်းလမ်းတွေရှာကြည့်ပါ။ ဆိုရှယ်မီဒီယာပေါ်က မဟုတ်ပဲ ပြင်ပမှာလက်တွေ့လူတွေနဲ့ ထိတွေ့မှုရှိအောင်နေပါ။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ။ လူတွေနဲ့ပေါင်းသင်းဆက်ဆံရမယ့် လူမှုရေးအဖွဲ့အစည်းတွေ လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့အကြံပြုချင်ပါတယ်။

(၂) အားကစားလုပ်ဆောင်ပါ

Source : India TV

ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းက ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာရစေသလို စိတ်ဓာတ်ကျန်းမာကြံ့ခိုင်လာစေတဲ့ ကောင်းကျိုးတွေရစေပါတယ်။ အထီးကျန်ဝေဒနာခံစားရချိန်မှာ ခန္ဓာကိုယ်ကိုလှုပ်လှုပ်ရှားရှားနေပေးတာက စိတ်ဓာတ်ကျခြင်းနှင့် အထီးကျန်းတွေကို ပြေလျော့စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့်ပုံမှန် Gym ကစားပါ။ မာရသွန်အပြေးပွဲတွေမှာပါဝင်ပါ။ ဒါဆိုရင်အားကစားလုပ်ခြင်းကနေတစ်ဆင့် အထီးကျန်ခြင်းကိုလျော့ကျစေမယ့်အပြင် အားကစားလုပ်ရတာကြိုက်တဲ့ ဝါသနာတူမိတ်ဆွေအသစ်တွေလည်းတိုးပွားလာစေနိုင်ပါတယ်။

(၃) ခရီးထွက်လိုက်ပါ

Source : Medium

တစ်ယောက်တည်းအထီးကျန်ပြီး အခန်းအောင်းနေမယ့်အစား သင့်ရဲ့စိတ်ကိုအပြောင်းအလဲဖြစ်သွားစေမယ့် ခရီးတစ်ခုခုထွက်လိုက်ပါ။ ခရီးထွက်ခြင်းက အတွေ့အကြုံအသစ်အဆန်းတွေ ခံစားမှုအသစ်တွေ တစ်ခါမှမဆုံဖူးတဲ့ လူအသစ်တွေနဲ့ တွေ့ဆုံရစေပြီး သင့်ရဲ့စိတ်ကို အထီးကျန်ခြင်းအခြေအနေကနေ ရုန်းထွက်စေနိုင်မှာဖြစ်ပါတယ်။ ခရီးထွက်ဖို့ တစ်ယောက်တည်းဖြစ်နေတယ်ဆိုပြီးလည်း စိတ်မညစ်ပါနဲ့။ တစ်ယောက်တည်းခရီးထွက်လိုက်တာဟာ ကိုယ့်အားကိုကိုးစိတ်ဖြစ်စေခြင်း အခက်အခဲပြဿနာတွေကိုကိုယ်တိုင်ဖြေရှင်းနိုင်ခြင်း စိတ်ကူးစိတ်သန်းအသစ်တွေရရှိခြင်း စစ်မှန်တဲ့ပျော်ရွှင်ခြင်းတွေကိုခံစားရစေနိုင်ပါတယ်။

(၄) အကောင်းမြင်စိတ်မွေးပါ

Source : Depositphotos

တစ်ခါတစ်လေမှာ အထီးကျန်ခြင်းတွေနဲ့ အတူ စိတ်ဓာတ်ကျ အားငယ်ခြင်းတွေပါ ကပ်ပါလာတက်ပါတယ်။ ထိုအခါ တစ်ကိုယ်တည်းစိတ်ပျက်အားလျော့မှုတွေနဲ့ အထီးကျန်ခြင်းဝေဒနာက ပိုဆိုးတဲ့အခြေအနေကိုရောက်သွားနိုင်ပါတယ်။ဒါကြောင့် ကိုယ့်ကိုယ်ကိုအကောင်းမြင်စိတ်ကိုမွေးမြူထားပါ။ လောကမှာအကောင်းနဲ့အဆိုးကဒွန်တွဲပြီး အခက်အခဲနဲ့ စိတ်ဓာတ်ကျစရာတွေက လူတိုင်းလိုလိုမှာရှိတယ်ဆိုတာကိုနားလည်ထားပါ။ ကိုယ့်ကိုယ့်ကို အားပေးနှစ်သိမ့်ပြီး အရာရာတိုင်းကို အကောင်းမြင်စိတ်ထားမယ်ဆိုရင် စိတ်ဓာတ်ကြံ့ခိုင်မှုတွေရရှိလာပြီးအထီးကျန်ခြင်းတွေပပျောက်သွားနိုင်မှာဖြစ်ပါတယ်။