စိတ်ပညာအကြောင်း အထူးပြုလေ့လာတဲ့ဘာသာရပ်ဟာ လူမှုဘဝမှာ အနီးစပ်ဆုံးနဲ့ အသုံးတည့်ဆုံး ပညာရပ်တွေထဲက တစ်ခုပါ။ ပညာရေးစိတ်ပညာ ၊ ကလေးစိတ်ပညာ ၊ ဆေးပညာရပ်ဆိုင်ရာ စိတ်ပညာ စသည်ဖြင့် စိတ်ပညာနယ်ပယ်ဟာ အတော်လေး ကျယ်ပြောပါတယ်။

စိတ်ပညာဟာ စီးပွားရေး ၊ ကျန်းမာရေး ၊ လူမှုသိပ္ပံနဲ့ သမိုင်းဘာသာရပ်တွေ ပြီးရင် အမေရိကန်ကောလိပ်တွေမှာ လူကြိုက်အများဆုံး ဘာသာရပ်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ စိတ်ပညာနဲ့ ကျောင်းပြီးထားသူတွေအတွက် အလုပ်ရှာမယ်ဆိုရင် ဒီလိုအလုပ်အကိုင်တွေလည်း စဉ်းစားသင့်ပါတယ်။

(၁) HR Manager

Photo: Freepik

အဖွဲ့အစည်းအတွက် အလုပ်လုပ်နေတဲ့ လူတွေကို နေရာတကျဖြစ်အောင် စီမံပေးနေရတဲ့ အလုပ်မျိုးဆိုတာ လူတွေရဲ့ စိတ်အကြောင်း သေချာသိထားတဲ့သူတွေနဲ့ ပိုကိုက်ပါတယ်။ HR Manager တစ်ယောက်ရဲ့ တာဝန်တွေထဲမှာ ဝန်ထမ်းသစ်တွေ အလုပ်ခန့်တာ ၊ လေ့ကျင့်သင်ကြားပေးရတာ ၊ ဝန်ထမ်းတွေရဲ့ ပြဿနာတွေကို ဖြေရှင်းတာကနေ အဖွဲ့အစည်းရဲ့ အစဉ်အလာကို ပြန်ဒီဇိုင်းချရတဲ့အထိ အကုန်ပါရှိပါတယ်။
HR ပညာရပ်နဲ့ ဆိုင်တဲ့ ဒီဂရီတွေ ၊ သင်တန်းတွေ ပြီးမြောက်ထားတဲ့သူချင်းအတူတူ စိတ်ပညာနဲ့ ကျောင်းပြီးထားသူတစ်ယောက်ဟာ ပိုပြီးအောင်မြင်တဲ့ HR Manager တစ်ယောက် ဖြစ်လာနိုင်ပါတယ်။

(၂) Copywriter

Photo: Freepik

Copywriter ကတော့ စာရေးရတာလို့ပဲ ပြောရုံနဲ့ မရပါဘူး။ သူဟာ ဝယ်သူနဲ့ ရောင်းသူတွေကို စိတ်ပညာအမြင်နဲ့ ကြည့်ပြီး ထုတ်ကုန်တွေအကြောင်း ကြော်ငြာရာမှာ ထိရောက်တဲ့ ကြော်ငြာတွေ ဖန်တီးပေးရတာပါ။ စာရေးခြင်းဟာ စိတ်နှလုံးတွေကို ဆွဲဆောင်ဖို့ လုပ်တဲ့ အလုပ်တစ်မျိုးဖြစ်လို့ စိတ်အကြောင်း သိတဲ့သူတွေ ရေးတဲ့စာက ပိုပြီး ထိရောက်မှုရှိပါတယ်။

(၃) Marketing Analyst

Photo: Freepik

ဈေးကွက်နဲ့ ဖောက်သည်တွေအကြောင်း နားလည်ဖို့က Marketing Analyst တစ်ယောက်ရဲ့ တာဝန်ပါပဲ။ ကိန်းဂဏန်းတွေချည်းပဲ နားလည်ရုံနဲ့ Marketing Analyst ကောင်းဖြစ်လာဖို့ မလွယ်ပါဘူး။ အချက်အလက်တွေနဲ့ စာရင်းဇယားတွေ သေချာကိုင်တွယ်စီမံတတ်ဖို့ လိုသလို ဝယ်သူတွေရဲ့ အပြုအမူအပြောင်းအလဲနဲ့ လိုလားချက်တွေကို သိနိုင်တဲ့ ဉာဉ်လည်း ရှိဖို့ လိုပါတယ်။

(၄) Sales Account Executive

Photo: Freepik

ဈေးရောင်းတဲ့အလုပ်ဆိုတာ Soft Skills တွေ သိပ်လိုပါတယ်။ လူတိုင်း ဈေးဝယ်ချင်နေတာ မဟုတ်တော့လည်း ဝယ်ချင်အောင် မားကတ်တင်းဆင်းတာကနေ ဝယ်သူရဲ့ စိတ်အခြေအနေနဲ့ အကြိုက်ကလေးတွေလည်း သိအောင် လေ့လာရပါတယ်။ စိတ်ပညာဆိုတာ လူတွေဘယ်လို တွေးတတ်တယ်ဆိုတဲ့ သဘောတရားကို တခမ်းတနားသင်ထားတဲ့ ပညာရပ်ဖြစ်ပါတယ်။

တကယ်တော့ ဈေးပဲရောင်းရောင်း ၊ လူတွေကိုပဲ ခိုင်းခိုင်း နောက်ဆုံး ကိုယ်ဘာကောင်လဲဆိုတာ သိဖို့တောင် စိတ်ပညာလိုပါတယ်။ ဒီပညာရပ်ဟာ လူတိုင်းနဲ့ ဆိုင်ပါတယ်။ ပိုစဉ်းစားစူးစမ်းတဲ့သူတွေက လူမှုစိတ်ပညာဘက်မှာ ချွန်လာကြတာပါပဲ။