မိုးတွင်းရောက်ပြီဆိုတော့ ရာသီတုပ်ကွေး မဖြစ်အောင် ဂရုစိုက်ဖို့ လိုပါပြီ။ တုပ်ကွေးဆိုတာ နာမည်အတိုင်း ဖြစ်လိုက်ရင် ကွေးနေအောင် ခံရတတ်တဲ့ အဖျားရောဂါမျိုး ဖြစ်ပါတယ်။ တုပ်ကွေးမိရင် နှာရည်ယို ၊ နှာပိတ်မယ်။ တစ်ကိုယ်လုံး ကိုက်ခဲနေပြီး ချောင်းဆိုးမယ် ၊ မောပန်းနုံးချိနေမယ် ၊ ချမ်းတုန်ပြီး ဖျားမယ် ၊ ခေါင်းကိုက်မယ်။ အတော်လေး ခံရခက်တယ်လို့ပဲ ပြောပါရစေတော့။

တချို့ဆို အန်တယ် ၊ ဝမ်းလျှောပါတယ်။ ဆိုတော့ ရေဓါတ်လည်း ခမ်းခြောက်တတ်ပြီး လူအတွက် အရေးပါတဲ့ အာဟာရဓါတ်တွေ ဆုံးရှုံးနိုင်တာကြောင့် တုပ်ကွေးဖြစ်ရင် ခုခံအားကောင်းဖို့နဲ့ ရောဂါကူးစက်မှုကို တိုက်ဖျက်ဖို့ အာဟာရပြည့်ဝပြီး စွမ်းအင်တက်လာစေမယ့် အစားအသောက်တွေ စားပေးဖို့ လိုပါတယ်။ ဘယ်လို အစားအသောက်တွေလဲ ဆိုတော့ –

Broth soup in a cooking pot

Photo: healthline

(၁) အမဲရိုးစွပ်ပြုတ်
(၂) ကြက်သားစွပ်ပြုတ်
(၃) ဒိန်ချဉ်
(၄) ဗိုက်တာမင်စီ ကြွယ်ဝတဲ့ အသီးအနှံတွေ
(၅) အစိမ်းရင့်ရောင် အသီးအရွက်တွေ
(၆) ပန်းဂေါ်ဖီစိမ်း
(၇) Oatmeal
(၈) ငရုတ်ပွ လိုမျိုး ရှုးရှုးရှဲရှဲ အစပ်စာတွေ

white bowls on cutting board with vegetables

Photo: Unsplash

ဒါတွေကတော့ Mayo Clinic Health System ရဲ့ မန်နေဂျင်းဒါရိုက်တာ ချားလ်စ် ပီတာစ်က ညွှန်းထားတဲ့ တုပ်ကွေးသမားတွေအတွက် အစားအသောက်တွေ ဖြစ်ပါတယ်။ တုပ်ကွေးမိလို့ ဖျားရင် အရည်များများသောက်ပါလို့လည်း ဆရာဝန်တွေက ညွှန်းပါတယ်။ “ဖျားနေတုန်းမှာ ခန္ဓာကိုယ်က စွမ်းအင်ပိုသုံးစွဲတာကြောင့် ရေဓါတ်ပြည့်တင်းနေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ရေဓါတ်ပြည့်ဝဖို့က နံပါတ်တစ်ဦးစားပေးထားပါ” လို့ ဆိုပါတယ်။
အရည်ဓါတ်ရဖို့ အရိုးစွပ်ပြုတ် ၊ ဂျင်းလက်ဖက်ရည် ၊ ပျားရည်နဲ့ ဆေးဖက်ဝင် Herbal Tea ၊ ပျားနဲ့လီမွန်လက်ဖက်ရည်ပူပူလေးတွေ ဒါမှမဟုတ် အသီးဖျော်ရည် Juices တေလးတွေ သောက်ပေးသင့်ပါတယ်။