တေးဂီတတွေဟာ လူရဲ့ လုပ်ဆောင်မှုစွမ်းရည်ကို မြှင့်တင်နိုင်တယ်လို့ လက်ခံထားကြပါတယ်။ ခွဲစိတ်ဆရာဝန် ၅၀ ပါဝင်တဲ့ လေ့လာမှုတစ်ခုမှာ သီချင်းနားထောင်ပြီး ခွဲစိတ်ကုသမှု လုပ်တာဟာ သူတို့ရဲ့ ခွဲစိတ်မှုမြန်နှုန်းနဲ့ တိကျမှု ပိုကောင်းလာတယ်လို့ ဆိုပါတယ်။ ဂီတဟာ လူရဲ့ စိတ်ခံစားချက် Mood ကိုပါ ပြောင်းလဲနိုင်စွမ်း ရှိတာကြောင့် အလုပ်လုပ်ချိန်မှာ ငြိမ့်ညောင်းတဲ့ သံစဉ်ကို ဖွင့်ထားဖို့ အကြံပြုထားတာတွေ ရှိပါတယ်။
အလုပ်လုပ်ချိန်မှာ သီချင်းနားထောင်တာနဲ့ ပတ်သက်ပြီး မိုင်ယာမီတက္ကသိုလ် ဂီတကုထုံးပညာရှင် တာရီဆာလက်ဆစ်ခ်ရဲ့ လေ့လာမှုကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒေါက်တာ လက်ဆစ်ခ်ရဲ့ သုတေသနအရ အလုပ်ခွင်မှာ သီချင်းနားထောင်သူဟာ အလုပ်မြန်မြန်ပြီးသလို ပိုကောင်းတဲ့ အိုင်ဒီယာတွေလည်း ထွက်တယ်လို့ ဆိုပါတယ်။
Photo: Time Magazine
ဒါပေမယ့်လည်း နာမည်ကြီးတေးဂီတတစ်ချို့ဟာ စာဖတ်မှုနဲ့ သတင်းအချက်အလက် ဖြစ်စဉ်ကို နားလည်အောင် ကြံဆနေချိန်မှာ အနှောင့်အယှက်ဖြစ်နိုင်တယ်လို့ တွေ့ထားပါတယ်။ လေ့လာမှုတွေအရ တေးဂီတဟာ အလုပ်မှာ ကောင်းတဲ့ သက်ရောက်မှု ရှိပေမယ့် သီချင်းအမျိုးအစားနဲ့ အလုပ်သဘာဝကို လိုက်ပြီး စွမ်းဆောင်မှု ကွာခြားနိုင်တယ်လို့ ဆိုပါတယ်။
အာရုံစူးစိုက်မှုကောင်းပြီး စိတ်ခံစားမှု မြင့်မားစေဖို့ စန္ဒယားလက်သံတွေ နားထောင်သင့်ပါတယ်။ နာမည်ကျော် Classic အတွဲထဲက ဘာ့ချ်၊ ဗီဗယ်ဒီ နဲ့ ဟန်ဒဲလ်တို့ရဲ့ လက်သံတွေနားထောင်ရင်း အလုပ်လုပ်သူဟာ အလုပ်မှာ စိတ်ပိုစုစည်းနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ ရေဒီယိုကြေးနန်းသမား ၈ ဦးကို Baroque ဂီတနားထောင်ပြီး အလုပ်လုပ်စေရာမှာ ၇ ယောက်ဟာ အာရုံစူးစိုက်မှု ပိုကောင်းလာတယ်လို့ တွေ့ရှိထားပါတယ်။
မှတ်သားဉာဏ်မြင့်မားပြီး စိတ်စုစည်းမှုကောင်းဖို့အတွက်တော့ သဘာဝအသံတွေ ဖြစ်တဲ့ ရေစီးသံ ၊ မိုးရွာသံ ၊ သစ်ရွက်ကြွေသံ စတဲ့ တေးသံတွေ နားထောင်ဖို့ တိုက်တွန်းကြပါတယ်။ Hip-Hop ၊ Heavy Metal ၊ EDM နဲ့ တစ်ခြား Country ဂီတတွေဟာ စိတ်စူးစိတ်မှု လုပ်ချိန်မှာ အာရုံနှောက်ယှက်မှုအများဆုံးပေးတဲ့ ဂီတတွေ ဖြစ်တယ်လို့ CloudCover Music ရဲ့ လေ့လာမှုက ဆိုပါတယ်။
Photo: gethppy
အလုပ်လုပ်ချိန်မှာ ထိရောက်မှုအမြင့်ဆုံး ပေးတဲ့ နာမည်ကြီးဂီတသံစဉ်ထဲမှာ Classic rock ၊ Alternative နဲ့ Pop တို့လည်း ပါနေပါတယ်။ စာသားမပါတဲ့ Background Music တွေဟာ အာရုံစူးစိုက်မှုကောင်းအောင် ပံ့ပိုးပေးနိုင်ပြီး Major Key တစ်ခုနဲ့ လာတဲ့ Piano Sonata No.11 in A Major ဆိုရင် စိတ်ခံစားမှု Moode ကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။
သီချင်းနားထောင်ရင်း အလုပ်လုပ်မယ်ဆိုရင် အရမ်း မဆူတဲ့ Low Volume နဲ့ ဖွင့်ပါ။ ၇၀ ဒက်စီဘယ်အထိဟာ ဖန်တီးမှုပါတဲ့ အလုပ်တွေ လုပ်နေချိန်မှာ စွမ်းဆောင်ရည် မြှင့်ပေးနိုင်ပြီး ၈၅ ဒက်စီဘယ်ဝန်းကျင်လို ဆူညံလာတဲ့အချိန်မှာ အာရုံစူးစိုက်မှု ပျက်ပြီး သတင်းအချက်အလက် ရယူမှု ကျဆင်းလာနိုင်ပါတယ်။