ကျန်းမာရေးနဲ့ညီပါတယ်ဆိုတဲ့ အစားအစာတိုင်းက စားလို့ကောင်းတာ ဟုတ်ချင်မှ ဟုတ်ပါမယ်။ ဒါပေမဲ့ ဒီထဲမှာ ငှက်ပျောသီးတွေတော့ မပါပါဘူး။ ငှက်ပျောသီးဟာ အရသာအားဖြင့်လည်း ချိုမြန်ပြီး ကျန်းမာရေးလည်း အကျိုးများတဲ့ အသီးအနှံတစ်ခုဖြစ်ပါတယ်။ တစ်ရက်ကို ငှက်ပျောသီးနှစ်လုံး ပုံမှန်စားရုံနဲ့ သင့်ခန္ဓာကိုယ်အတွက် အခုပြောမယ့် ကျန်းမာရေးအကျိုးတွေ ရလာနိုင်ပါတယ်။
ငှက်ပျောသီးဟာ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာဖြစ်လို့ သွေးဖိအားမြင့်တက်မှုကို လျှော့ချရာမှာ အစွမ်းထက်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချချင်သူတွေအနေနဲ့လည်း ငှက်ပျောသီးစားပေးဖို့ အကြံပေးချင်ပါတယ်။ ငှက်ပျောသီးမှာ အမျှင်ဓါတ်ကြွယ်ဝလို့ အစာစားချင်စိတ်ကို ထိန်းချုပ်နိုင်ပါတယ်။ နောက်ပြီး သွေးတွင်း သကြားဓါတ် တက်မလာအောင်လည်း လျှော့ချပေးနိုင်စွမ်းရှိပါတယ်။

Photo: Freepik
သွေးထဲမှာ သကြားဓါတ် တက်တာကို ထိန်းနိုင်လို့ အင်ဆူလင်ကို ကိုယ်ခန္ဓာက တုံ့ပြန်ရာမှာလည်း ပိုအားကောင်းပါတယ်။ အင်ဆူလင်ကို ကိုယ်တွင်းက မတိုက်ထုတ်နိုင်ရင် ဂလူးကို့စ်မစုပ်နိုင်တာကြောင့် ရေရှည်မှာ ပန်ခရိယမှာ အင်ဆူလင်မြင့်လာပြီး သွေးချိုဆီးချိုဝင်လာနိုင်ပါတယ်။ ဆီးချိုသွေးချိုလို သေလောက်အောင် ကြောက်ဖို့ကောင်းတဲ့ ရောဂါဆိုးကြီးတွေ ဝင်မလာဖို့ တစ်ရက် ငှက်ပျောသီးနှစ်လုံးစားသုံးခြင်းကလည်း ထိရောက်တဲ့ ဓါတ်စာဖြစ်နိုင်ပါတယ်။
နောက်တစ်ခုက ကိုယ်တွင်းအင်္ဂါတွေဆီ အောက်ဆီဂျင်ပို့ဆောင်ဖို့ လုပ်တဲ့ ကျန်းမာတဲ့သွေးနီဆဲလ်အရေအတွက် ကျခြင်းကိုလည်း ငှက်ပျောသီးစားခြင်းက သက်သာစေနိုင်ပါတယ်။ Anemia လို့ ခေါ်တဲ့ သွေးနီဆဲချို့တဲ့မှုဟာ အသားအရောင် ပြာနှမ်းတာ ၊ မောပန်းနွမ်းနယ်တာ နဲ့ အသက်ရှုမရတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။ သွေးတွင်း ဟေမိုဂလိုဘင် Level ကျခြင်းရဲ့ ရလဒ်ဖြစ်ပါတယ်။
ငှက်ပျောသီးမှာ သံဓါတ်ကြွယ်ဝတဲ့ အစားအစာဖြစ်လို့ သွေးနီဆဲလ်ထုတ်လုပ်မှုကို လှုံ့ဆော်ပါတယ်။ အစာကြေလွယ်တဲ့ အသီးအနှံဖြစ်လို့ အစာအိမ်ဝေဒနာအခံရှိသူတွေ စားပေးသင့်တဲ့ အထဲမှာ ပါပါတယ်။ ဝမ်းလျှောဝမ်းပျက်ဖြစ်လို့ သတ္ထုဓါတ်ကုန်ခမ်းသူတွေအတွက်လည်း ပြန်အားဖြည့်ဖို့ ငှက်ပျောသီးစားပေးနိုင်ပါတယ်။ ငှက်ပျောသီးဟာ စိတ်ခံစားချက် Mood ပိုင်းလည်း ပိုကောင်းအောင် ကူညီနိုင်ပါတယ်။
စိတ်ဖိစီးနေသူတွေဟာ စိတ်သက်သာရာရဖို့ ငှက်ပျောသီး စားသင့်တယ်လို့ ဆိုပါတယ်။ ငှက်ပျောသီးမှာ ပျော်ရွှင်မှုဟော်မုန်းလို့ နာမည်ကြီးတဲ့ Serotonin ကို ရယူနိုင်တဲ့ Tryptophan ပါဝင်ပါတယ်။ နောက်ပြီး စိတ်ခံစားမှုနဲ့ နှစ်ခြိုက်စွာအိပ်စက်မှုကို အထောက်အကူပြုတဲ့ မဂ္ဂနီဆီယမ် ၂၇ မီလီဂရမ်ခန့်လည်း ပါဝင်ပါတယ်။ ဗိုက်တာမင်ဓါတ် ချို့တဲ့သူတွေငှက်ပျောသီး စားပေးသင့်ပါတယ်။

Photo: Freepik
ငှက်ပျောသီးမှာ ဗိုက်တာမင် B6 ကြွယ်ဝပါတယ်။ တစ်နေ့တာ ဗိုက်တာမင် B6 လိုအပ်ချက်ရဲံ ၂၀% ဝန်းကျင်ကို ငှက်ပျောသီးတစ်လုံးက ထောက်ပံ့ပေးနိုင်ပါတယ်။ ဗိုက်တာမင် B6 ဟာ ဆဲလ်တွေ ကျန်းမာဖို့ လိုအပ်တဲ့ အင်ဆူလင် ၊ ဟေမိုဂလိုဘင်နဲ့ အမိုင်နိုအက်ဆစ်တွေ ကိုယ်ခန္ဓာကနေ ထုတ်ပေးအောင် ကူညီပါတယ်။ နောက်တစ်ခုက သွေးကြောကျန်းမာရေးနဲ့ Collagen တွေ ထုတ်ပေးဖို့ လိုအပ်တဲ့ ဗိုက်တာမင်စီလည်း ပါဝင်ပါတယ်။
နောက်ဆုံးပြောချင်တာက ငှက်ပျောသီးမှာ ပါတဲ့ ပိုတက်ဆီယမ်က Energy Level ကို မြင့်တက်စေပါတယ်။ ကြွက်တက်တာကို ကာကွယ်ပေးပါတယ်။ကာဗွန်ဟိုက်ဒရိတ်ဓါတ်လည်း ပါလို့ ပြင်းထန်တဲ့ Workout တွေလုပ်တဲ့ ဒဏ်ကို ခံနိုင်ရည်ရှိစေပါတယ်။
