အားကစားလုပ်ဖို့ အချိန်ရွေးတာကလည်း စိန်ခေါ်မှုတစ်ခုပါပဲ။ တချို့လူတွေဟာ အချိန်အအား သိပ်မရတာကြောင့် ရသမျှအချိန်ထဲက ဘယ်အချိန်မှာ Gym သွားသင့်သလဲဆိုတာ ခေါင်းပူအောင် စဉ်းစားရနိုင်ပါတယ်။

ဒီတစ်ခေါက်မှာ သိပ္ပံနည်းကျ လေ့လာမှုတွေက ပြောပြတဲ့ Gym သွားဖို့ အကောင်းဆုံးအချိန်အကြောင်း မျှဝေပေးချင်ပါတယ်။ များသောအားဖြင့် Gym ကို မနက်ပိုင်းမှာ ကစားရမလား ၊ ညနေဘက်မှာ သွားရမလား ဗျာများကြပါတယ်။ ဗိုက်ထဲ အစာမရှိချိန် မနက်ဘက် Workout လုပ်တာက အဆီလောင်ကျွမ်းဖို့ အကောင်းဆုံးပါပဲတဲ့။ မနက်ဘက် ခန္ဓာကိုယ်ဟော်မုန်း ဖွဲ့စည်းမှုအစပြုချိန်မှာ အားကစားလုပ်တာဟာ မလိုဘဲ ပိုလျှံနေတဲ့အဆီတွေ ရှင်းထုတ်နိုင်ပါတယ်။

Workout Man

Photo: Unsplash

မြောက်ကယ်ရိုလိုင်းနား Chapel Hill တက္ကသိုလ်က အားကစားနဲ့ ကိုယ်လက်လေ့ကျင့်ခန်းသိပ္ပံဆိုင်ရာဌာန ပါမောက္ခအန်တိုနီ ဟက်ခ်နေးက ဝိတ်ကျချင်ရင် မနက်ဖက် အားကစားလုပ်ဖို့ တိုက်တွန်းပါတယ်။

“မနက်စောစောပိုင်းတွေမှာ ဟော်မုန်းအနေအထားက အဆီဇီဝကမ္မလောင်ကျွမ်းမှုကို ပိုအားပေးပါတယ်။ မနက်ဖက်ဆိုရင် လူတွေဟာ ကော်တစ်ဆိုးနဲ့ ကြီးထွားမှုဟိုမုန်းတွေ မြင့်တက်နေတက်လို့ အဆီသိုလှောင်မှုကနေ စွမ်းအင်ထုတ်ဖို့ ပိုအဆင်ပြေပါတယ်”လို့ ဟက်ခ်နေးက ပြောပါတယ်။

သုတေသနတွေအရဆိုရင် မနက်ဘက် အားကစားလုပ်သူတွေဟာ တစ်နေ့လုံး အစာစားချင်စိတ် တခြားသူတွေထက် ပိုနည်းတယ်လို့ ဆိုပါတယ်။ ဒီနည်းနဲ့ လိုတာထက်ပိုပြီး စား‌သောက်ချင်စိတ်ကို လျှော့ချနိုင်စွမ်း ရှိလာပါတယ်။ မနက်ဘက် နှိုးစက်သံတွေ မုန်းရင်တောင် စောစောအိပ်ရာက ထပြီး လေ့ကျင့်ခန်း လုပ်သွားတာက အလေ့အကျင့်တစ်ခု ဖြစ်လာပြီး မနက်မနက် အိပ်ရာထဖို့ လွယ်လာသလို ညဘက်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျလာတယ်လို့ ဆိုပါတယ်။

မနက်စောစော ချွေးထွက်အောင် အားကစားလုပ်တာဟာ စိတ်ကျန်းမာရေးလည်း ပိုအားပေးသလို တစ်နေ့တာလုံး အလုပ်လုပ်နိုင်စွမ်းနဲ့ အာရုံစူးစိုက်နိုင်စွမ်းပါ မြင့်တက်လာစေနိုင်ပါတယ်။ တကယ်လို့ အိပ်ရာစောစောထတဲ့ အလေ့အကျင့်လုပ်ပြီး Morning Workout ကစားဖို့ စဉ်းစားနေတယ်ဆိုရင်တော့ သိပ်မပြင်းထန်တဲ့ Low Intensity Workout တွေ (လမ်းလျှောက်/အပြေး/အေရိုးဗစ်) တွေနဲ့ စတင်သင့်ပါတယ်။

Man in Gym

Photo: Unsplash

ညနေဘက် Workout တွေကတော့ စွမ်းဆောင်ရည်မြင့်တက်ဖို့ အထောက်အကူဖြစ်မယ်လို့ ဟက်ခ်နေးက ပြောပါတယ်။ ညနေဘက်မှာ အစားစားထားတာကြောင့် သွေးထဲ သကြားဓါတ် တက်နေလို့ ခပ်ပြင်းပြင်း High Intensity လေ့ကျင့်ခန်းတွေ လုပ်ပေးသင့်ပါတယ်။ ဒါပေမယ့်လည်း ညနေဘက် သိပ်နောက်ကျသွားရင်တော့ Gym မသွားဖို့လည်း ပြောပါတယ်။ အကြောင်းကတော့ ညနေခင်းကိုယ်လက်လှုပ်ရှားမှုတွေက အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့်လို့ ဆိုပါတယ်။

ဒါကြောင့် အကောင်းဆုံးက Gym ကို မနက်ပိုင်း သွားပါ။ Gym မသွားဖြစ်တဲ့သူတွေလည်း မနက်ဖက် Morning Workout ကို ကိုယ့်ဘာသာ အပြင်ထွက် Outdoor Workout လုပ်နိုင်ပါတယ်။ မနက်ခင်းမှာ အားကစားလုပ်တာဟာ စိတ်ကြည်လင်ပြီး စုစည်းမှု ပိုရှိစေသလို စောစောအိပ်ရာထတဲ့ အလေ့အထလည်း မွေးပြီးသား ဖြစ်စေနိုင်ပါတယ်။

Featured Photo: Men’s Health