ကားတစ်စီးမှာ အချိန်ကာလပေါ်မူတည်ပြီး အလဲလှယ်ပြုလုပ်ပေးသင့်တဲ့ အစိတ်အပိုင်းတွေဆိုတာရှိပါတယ်။ လူမှာလည်း ကျန်းမာရေးဆိုတာရှိသလို ကားတစ်စီးမှာလည်း သက်ဆိုင်ရာကျန်းမာရေးဆိုတာရှိပါတယ်။ မဖြစ်ခင်က ကြိုတင်ကာကွယ်တာဟာ မှန်ကန်တဲ့နည်းလမ်းတစ်ခုဖြစ်ပြီး ပျက်မှပြင်မယ်ဆိုရင် ကုန်ကျစရိတ်ကလည်း အများကြီးပိုများသွားနိုင်ပါတယ်။

ဒါကြောင့် ကားချစ်သူတွေအနေနဲ့ အန္တရာယ်ကင်းပြီး လုံခြုံ စိတ်ချမှုရှိစေဖို့ သက်တမ်းအရ လဲလှယ်ပေးသင့်တဲ့ ကားအစိတ်ပိုင်းတွေများစွာထဲမှ တစ်ချို့ကို ပြောပြပေးချင်ပါတယ်။

(၁) ဘရိတ်ရူး

Source : YourMechanic

ကားတစ်စီးမှာ ဘရိတ်ရူးလို့ခေါ်တဲ့ Break Pad တွေဟာ အရမ်းကိုအရေးကြီးတဲ့ အစိတ်အပိုင်းတွေထဲမှာပါဝင်ပါတယ်။ အသုံးပြုတဲ့ သက်တမ်းကြာလာတာနဲ့အမျှ ဘရိတ်ရူးတွေဟာလည်း တဖြေးဖြေးပွတ်တိုက်ပြီး ပါးလာတတ်တာကြောင့် သေချာစစ်ဆေးမှုမရှိပါက အန္တရာယ်ရှိတဲ့အပိုင်းမှာ ပါဝင်နေတဲ့အစိတ်အပိုင်းတစ်ခုလို့ ဆိုရပါမယ်။

ပုံမှန်အားဖြင့် ကားတစ်စီးရဲ့ ဘရိတ်ရူးသက်တမ်းဟာ မိုင် ၂၅၀၀၀ ကနေ ၇၀၀၀၀ အထိ အသုံးခံတယ်ဆိုပေမယ့် မိုင် ၅၀၀၀၀ လောက် အသုံးပြုပြီးချိန်မှာတော့ ကျွမ်းကျင်တဲ့ ဝပ်ရှော့ဆရာတွေနဲ့ စစ်ဆေးမှုပြုသင့်တာဖြစ်ပါတယ်။

(၂) တာယာ

Source : brake.org.uk

ဘေးကင်းလုံခြုံစိတ်ချစွာ လမ်းမကြီးတွေအပေါ် မောင်းနှင်နိုင်ဖို့အတွက် ကားတာယာတွေလည်း အမြဲစစ်ဆေးပေးရမယ့် အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကားတာယာတွေဟာ ကတ္တရာလမ်းတွေနဲ့ အမြဲပွတ်တိုက်မောင်းနှင်နေရတဲ့အတွက် အချိန်သက်တမ်းတစ်ခုကြာလာတာနဲ့အမျှ လမ်းမချော်အောင် အဓိကထိန်းပေးထားတဲ့ တာယာပေါ်ကပန်းတွေပါးလာပြီး အန္တရာယ်ဖြစ်စေနိုင်တာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ကားတာယာတစ်လုံးဟာ မိုင် ၅၀ ကနေ ၆၀၀၀၀ အထိအသုံးပြုနိုင်တာဖြစ်ပါတယ်။ မိမိကားတာယာရဲ့ အခြေအနေအပေါ်မူတည်ပြီး ရှေ့ဘီးနောက်ဘီး တာယာတွေကို အလဲလှယ်လုပ်မောင်းနှင်နိုင်သလို မဖြစ်မနေလဲရမယ်ဆိုရင်လည်း အလဲလှယ်လုပ်ဖို့မတွေဝေပါနဲ့။

(၃) ဘထ္တရီ

Source : YourMechanic

ကားဘထ္တရီဟာ ကားတစ်စီးရဲ့ ပင်မအစိတ်အပိုင်းကြီးတစ်ခုလို့ ပြောနိုင်ပါတယ်။ ကားဘထ္တရီမကောင်းရင် မောင်းဖို့နေနေသာသာ စက်နိုးလို့တောင်ရမှာမဟုတ်ပါဘူး။ ဒါကြောင့် အမြဲဂရုတစိုက် စောင့်ကြည့်နေသင့်တဲ့အရာတွေထဲမှာလည်း ကားဘထ္တရီတွေဟာ ထိပ်ဆုံးကပါဝင်နေတာဖြစ်ပါတယ်။

ပုံမှန် အားဖြင့်ကားတစ်စီးရဲ့ ဘထ္တရီသက်တမ်းဟာ (၂) နှစ်ကနေ (၃) နှစ်အထိရှိပြီး အရည်အသွေးကောင်းမွန်တဲ့ Absorbent Glass Mat (AGM) ဘထ္တရီတွေဆိုရင် (၄) နှစ်ဝန်းကျင်လောက်အထိကို အသုံးခံနိုင်တာပဲဖြစ်ပါတယ်။

(၄) တိုင်မင်ဘတ်လ်ကြိုး

Source : Meineke

Timing Belt လို့ခေါ်တဲ့ တိုင်မင်ဘတ်လ် ရာဘာကြိုးတွေဟာ သတ်မှတ်ထားတဲ့ သက်တမ်းမကုန်ခင်ကတည်းက ကြိုတင်လဲလှယ်ပေးသင့်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Overhead Cam အင်ဂျင်တွေမှာဆိုရင် အဆိုပါ တိုင်မင်ဘတ်လ်ကြိုးပြတ်ပါက အင်ဂျင်ကို ဆိုးဆိုးရွားရွား ထိခိုက်စေပြီး အကုန်အကျလည်း ပိုများသွားနိုင်ပါတယ်။ ဒါကြောင့် အထူးဂရုစိုက်ရမယ့် ကားအစိတ်အပိုင်းတွေထဲမှာလည်း တိုင်မင်ဘတ်လ်ကြိုးတွေ တွေပါဝင်ပါတယ်။

ပုံမှန်အားဖြင့်တော့ တိုင်မင်ဘတ်လ်ကြိုးတွေဟာ မိုင် ၆၀၀၀ဝ ခန့်သက်တမ်းရှိတာဖြစ်ပြီး နည်းပညာအဆင့်မြင့်မြင့်နဲ့ ထုတ်လုပ်ထားတဲ့ ကြိုးတွေဆိုရင်တော့ မိုင် ၁၀၀၀၀၀ ဝန်းကျင်အထိသက်တမ်းရှိတာပဲဖြစ်ပါတယ်။