ယောင်္ကျားလေးအများစုဟာ သူတို့ရဲ့ Skin Type က ဘာလဲဆိုတာ မသိတာ များပါတယ်။ အတော်များများက စိတ်မဝင်စားကြတာလည်း ပါပါတယ်။ တကယ်‌တော့သင့်အသားအရေအမျိုးအစားကို သိတာဟာ သင့်ရဲ့ အသားအရေထိန်းသိမ်းရေးမှာ အရေးပါတဲ့ အချက် ဖြစ်ပါတယ်။ နောက်တစ်ချက်က သင်ဝယ်မယ့် Skin Care Products ရွေးချယ်ရာမှာပါ အသုံးဝင်ပါတယ်။

Skin Types ဆိုရာမှာ အခြေခံအားဖြင့် ၅ မျိုး ရှိပါတယ်။ ပုံမှန်အသားအရေ ၊ အဆီများတဲ့ အဆီပြန်တဲ့ အသားအရေ ၊ ခြောက်သွေ့ပြီး အထိခိုက်မခံနိုင်တဲ့ အသားအရေ ၊ နဖူးမှာ အဆီပြန်ပြီး ပါးနှစ်ဖက်နဲ့ မေးစေ့က ခြောက်သွေ့တဲ့ အသားအရေအမျိုးအစားနဲ့ ရုပ်ရင့်တဲ့ အသားအရေပုံစံမျိုး ဖြစ်ပါတယ်။ ပုံမှန်အသားအရေ Normal Skin ရသူတွေက ကံကောင်းသူတွေလို့ ဆိုနိုင်ပါတယ်။

Photo: hespokestyle

Normal Skin သမားတွေက အသားအရေအစိုဓါတ်ရှိပြီး ကျန်းမာတဲ့ အသားအရေပုံစံလို့ ပြောရမှာပါ။ အဆီမပြန်လို့ စိတ်မညစ်ရသလို ခြောက်သွေ့နေတာ မဟုတ်လို့ ယားယံတာမျိုးလည်း ရှိမှာ မဟုတ်ပါဘူး။ ပိုကောင်းတာက ဝက်ခြံလည်း အဖြစ်နည်းကြပါတယ်။ သူတို့အနေနဲ့ အပြင်သွားလို့ လေထုအမှုန်အမွှား ညစ်ပတ်တာတွေကိုပဲ စိတ်ပူရမှာ ဖြစ်ပြီး ပုံမှန်သန့်ရှင်းရေး လုပ်ပေးရုံနဲ့တင် အသားအရေက ကြည်လင်နေမှာ ဖြစ်ပါတယ်။
အဆီပြန်တဲ့ Oily Skin ပိုင်ရှင်တွေကတော့ နာမည်အတိုင်း မျက်နှာဟာ အဆီတဝင်းဝင်းနဲ့ ရှိနေတတ်သူတွေ ဖြစ်ပါတယ်။ မကြာခဏဆိုသလို ဝက်ခြံပေါက်လွယ်သူတွေလည်း ဖြစ်ပါတယ်။ ဒီလို မျက်နှာပိုင်ရှင်တွေကတော့ ခရမ်နဲ့ Moisturizer တွေ ရှောင်သင့်ပါတယ်။ ဒါပေမယ့်လည်း Hyaluronic Acid နဲ့ မျက်နှာအသားရေကို အစိုထိန်းပေးဖို့လိုပါတယ်။ မျက်နှာသန့်ရှင်းဖို့အတွက် Face Wash တင် မဟုတ်ဘဲ Mask လည်း သုံးသင့်ပါတယ်။

Dry Skin သမားတွေဟာ အသားအရေ အထိခိုက် သိပ်မခံနိုင်သူတွေပါ။ အသားအရေ ခြောက်သွေ့တင်းမာမှုကြောင့် အမြဲလိုလို ယားယံနေတတ်ပါတယ်။ ဆဲလ်သေအလွှာနဲ့လည်း ဖုံးအုပ်ထားတဲ့ အသားအရေမျိုး ဖြစ်ပြီး ဆွဲဆောင်မှု မရှိသလို နေနည်းနည်းထိတာနဲ့ အသားအရေ နီရဲပျက်စီးနိုင်ပါတယ်။ အသားအရေ ခြောက်စေတဲ့ အကြောင်းတွေထဲမှာ နေထိများတာ ၊ ရေပူပူချိုးမိတာ နဲ့ မျက်နှာချေးချွတ်မှု လွန်ကဲတာတွေလည်း ပါနိုင်ပါတယ်။

Photo: charlottetrendell

Dry Skin ဆိုရင်တော့ မနက်ညတွေမှာ ခရမ်ပိုတဲ့ အစိုထိန်း Moisturizer သုံးသင့်သလို အပြင်သွားချိန်တွေမှာလည်း နေကာ Sunscreen သုံးဖို့ လိုပါတယ်။ အဆီနဲ့ ခြောက်သွေ့ အသားအရေနှစ်မျိုးစပ် ဖြစ်နေသူတွေလည်း ရှိပါတယ်။ သူတို့ရဲ့ မျက်နှာဟာ အဆီပြန်တဲ့ နဖူးနဲ့ ခြောက်နေတဲ့ ပါးပြင်တွေကို တွေ့ရမှာပါ။ ပါးပြင်ယားယံတတ်သူတွေကတော့ အစိုထိန်းခရမ်သုံးရမှာ ဖြစ်ပြီး အခြေခံအားဖြင့် မျက်နှာပုံမှန်သန့်ရှင်းမှုအပြင် အရက်သောက်ခြင်း ၊ နေပူခံခြင်းနဲ့ စိတ်ဖိစီးမှုမြင့်ခြင်း မဖြစ်အောင် နေထိုင်ဖို့ လိုပါတယ်။

အရွယ်ကြောင့် ဖြစ်တဲ့ မျက်နှာအရေးအကြောင်းတွေက ပြဿနာ မရှိပေမယ့် ငယ်တုန်းမျာ အသားအရေဂရုမစိုက်ရင်လည်း ရင့်ရော်တဲ့ အသားအရေ ပုံစံ Aging Skin ဖြစ်နိုင်ပါတယ်။ အသားအရေ နုပျိုအောင် ကျန်းမာရေးနဲ့ ညီညွတ်ပြီး အဆီနည်းတဲ့ အစားအစာတွေ စားပေးရပါမယ်။ ဆေးလိပ်/အရက် ရှောင်ကြဉ်ပြီး ကိုယ်လက်လှုပ်ရှားမှု ရှိအောင် နေရပါမယ်။ ပုံမှန်အသားအရေ ထိန်းသိမ်းမှုလည်း လုပ်ဆောင်ပေးမယ်ဆိုရင် နုပျိုစိုပြေတဲ့ အသားအရေ ရလာမှာ ဖြစ်ပါတယ်။