မိမိလုပ်ကိုင်နေတဲ့ အလုပ်ခွင်မှာ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေမှုတွေရှိနေပေမယ့် အလုပ်ထွက်ဖို့ ခြေတုန်ချတုန် ဖြစ်ဖူးကြမယ်ထင်ပါတယ်။အလုပ်လက်မဲ့ဆိုတဲ့ ဘဝကြီးရယ် လစဉ်ပုံမှန်ရနေတဲ့ ဝင်ငွေလေးပျောက်ဆုံးမှာရယ်ကြောင့် အဆင်မပြေမှုတွေရှိလည်း ဆက်လုပ်နေတတ်ကြပါတယ်။

ဒါပေမယ့် သင်ဟာ အခုပြောပြတဲ့အချက်တွေ ခံစားနေရပြီဆိုရင်တော့ ချက်ချင်းပဲအလုပ်ထွက်စာတင်လိုက်ပါ။

(၁) မပျော်တော့ဘူးလို့ ခံစားလာရတဲ့အခါ

Source : The Cheat Sheet

အလုပ်ခွင်ဟာ မိမိအတွက်ပျော်ရွှင်မှုတစ်စက်လေးမှ မပေးနိုင်တော့ဘူးလို့ ခံစားလာရတဲ့အခါ မနက်ရုံးသွားဖို့ လုံးဝတက်ကြွမှုမရှိတဲ့အခါ အလုပ်ချိန်မှာလည်း စိတ်ညစ်ညူးပြီး ညနေရုံးဆင်းချိန်ကိုပဲ မျှော်နေမိတဲ့အခါ သင့်အနေနဲ့ ဒီလိုမျိုး ခံစားနေရပြီဆိုရင်တော့ အလုပ်ထွက်ဖို့ စတင်တွေးသင့်ပါပြီ။

တက်ကြွပျော်ရွှင်မှု မရှိတဲ့အလုပ်ခွင်မှာ စိတ်မပါဘဲ ဆက်လုပ်နေမယ်ဆိုရင် ကိုယ့်ရဲ့ အရည်အချင်းဟာလည်း တုံးလာမှာဖြစ်သလို အလုပ်ရှင်ဘက် ကကြည့်ရင်လည်း လုံးဝအဆင်ပြေမှာမဟုတ်ပါဘူး။ အလုပ်ထွက်ပြီး မိမိနဲ့ကိုက်ညီမယ့် အလုပ်ခွင်သစ်တစ်ခုရှာဖွေသင့်ပြီ ဖြစ်ပါတယ်။

(၂) မကောင်းတဲ့ အထက်လူကြီးလက်အောက်မှာ အလုပ်လုပ်ရတဲ့အခါ

Source : exclusive.multibriefs.com

ကိုယ့်အထက်လူကြီးမကောင်းရင်လည်း လုပ်ငန်းခွင်ဟာ နေ့စဉ်စိတ်ဆင်းရဲစရာတွေနဲ့ ပြည့်နှက်နေမှာအသေအချာပါပဲ။သင့်ရဲ့ အရည်အချင်းကို လုံးဝအသိမှတ်မပြုသလို ဘယ်လောက်ပဲ အစွမ်းကုန်ကြိုးစားနေပါစေ နေရာမပေးချင်တဲ့အထက်လူကြီးမျိုးနဲ့ ကြုံရတဲ့အခါ အလုပ်ထွက်ဖို့ စဉ်းစားပါ။

အပေါ်ဖားအောက်ဖိဆိုသလို အလုပ်ရှင်သူဋ္ဌေးတွေကိုတော့ဖားပြီး ကိုယ့်လက်အောက်ငယ်သားဝန်ထမ်းတွေကို ဖိနှိပ်တတ်တဲ့ ခပ်ဆိုးဆိုး အထက်လူကြီးတွေနဲ့အတူတူ လက်တွဲလုပ်နေရရင်တော့ ရေရှည်အတွက်လုံးဝမကောင်းပါဘူး။ ဒါကြောင့်သင့်ရဲ့ အရည်အချင်းနဲ့ တန်ဖိုးထားတတ်တဲ့ အထက်လူကြီးတွေဆီမှာပဲ အလုပ်လုပ်သင့်တာဖြစ်ပါတယ်။

(၃) ကိုယ့်ရဲ့အရည်အချင်းတွေ တိုးတက်မလာတဲ့အခါ

Source : The Independent

တစ်ချို့သောအလုပ်ခွင်တွေဟာ ဓားသွေးကျောက်ကဲ့သို့ပင် ဝန်ထမ်းတွေရဲ့ အရည်အချင်းတွေကို ထက်မြတ်အောင် ပုံသွင်းပေးနိုင်ပေမယ့် တစ်ချို့အလုပ်ခွင်တွေကတော့ ဝန်ထမ်းတွေရဲ့ ရှိရင်းစွဲ အရည်အချင်းတွေကိုတောင် ပိုမိုတုံးသွားစေနိုင်ပါတယ်။

ကိုယ့်အနေနဲ့ ဒီအလုပ်ခွင်ဟာ စိန်ခေါ်မှုလည်းမရှိ အပြိုင်အဆိုင်ဆိုတာလည်းမရှိဘဲ နေ့စဉ်နဲ့အမျှ လုပ်နေကျတာဝန်တွေကိုပဲ ထပ်တလဲလဲ လုပ်ကိုင်နေရမယ်ဆိုရင်တော့ အလုပ်ထွက်ဖို့စဉ်းစားသင့်ပါတယ်။ အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ အတွေ့အကြုံအသစ်တွေ ပေးစွမ်းတဲ့ အလုပ်ခွင်တစ်ခုဖြစ်မှသာ ကိုယ့်ရဲ့အရည်အချင်းကို နဂိုကထက် ပိုမိုတိုးတက်လာစေမှာဖြစ်ပါတယ်။

(၄) လစာတိုးသင့်သလောက် မတိုးတဲ့အခါ

Source : videoblocks.com

အလုပ်စဝင်တဲ့အချိန်မှာ အရည်အချင်းပေါ်မူတည်ပြီး ၃ လတန် သည် ၆ လတန်သည် လုပ်သက်ရလာတဲ့အခါ လစာတိုးပေးမယ်ပြောထားပေမယ့် ကိုယ်ရဲ့အရည်အချင်းက တိုးတက်လာသော်လည်း လစာတိုးပေးဖို့ကြန့်ကြာနေတာမျိုး တိုးပေးခဲ့ရင်လည်း တိုးသင့်သလောက်ပမာဏကို မတိုးဘဲ မဖြစ်စလောက်လစာလေး တိုးပေးတာမျိုးကြုံနေရရင်တော့ အရင်ဆုံးညှိနှိုင်းကြည့်ပါ။

ညှိနှိုင်းမှု အဆင်မပြေမှသာ အလုပ်ထွက်သင့်တာဖြစ်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့လည်း ဘယ်ကုမ္ပဏီကတော့ ဘယ်လောက်ပေးတယ်ဆိုတာမျိုးနဲ့ လစာတိုးတောင်းဖို့မစဉ်းစားဘဲ ကိုယ့်ရဲ့ အရည်အချင်းကတော့ ဒီလောက်တိုးတက်လာတဲ့အတွက် လစာတိုးလိုချင်တယ်ဆိုတာမျိုး ညှိနှိုင်းသင့်ပါတယ်။တခြားကုမ္ပဏီတွေရဲ့ လစာပေးနှုန်းနဲ့ နှိုင်းယှဉ်မယ့်အစား ကိုယ့်ရဲ့တိုးတက်လာတဲ့အရည်အချင်းနဲ့ပဲ နှိုင်းယှဉ်ပြီး လစာတိုးတောင်းတာကောင်းပါတယ်။

(၅) ပိုကောင်းတဲ့အလုပ်ခွင်တစ်ခုနဲ့ ချိတ်ဆက်မိတဲ့အခါ

Source : The Daily Mash

လက်ရှိလုပ်နေတဲ့အလုပ်ခွင်ထက် အစစအရာရာသာလွန်မှုရှိတဲ့ အလုပ်ခွင်အသစ်တစ်ခုနဲ့ ချိတ်ဆက်မိတဲ့အခါ အလုပ်ကထွက်သင့်ပါတယ်။ သူငယ်ချင်းတွေကိုမခွဲနိုင်လို့ ဒီအလုပ်ကိုပဲသံယောဇဉ်ရှိလို့ ဆိုတာမျိုးနဲ့ ဆက်ပြီး တွယ်ကပ်မနေသင့်ပါဘူး။

သေချာတာတစ်ခုမိမိအတွက် စိန်ခေါ်မှုတွေ အခွင့်အလမ်းကောင်းတွေနဲ့ စောင့်ကြည်နေတဲ့အလုပ်ခွင်အသစ်တစ်ခုဆိုရင်တော့ ရဲရဲကြီးလက်ရှိအလုပ်ကို ထွက်စာတင်လိုက်ပါ။ အခွင့်အရေးရတဲ့အချိန်မှာ အသုံးချတတ်မှသာ အောင်မြင်တိုးတက်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။