ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အားကစားကို ပြောပါဆိုရင် ဘောလုံးကစားနည်းကိုပဲ ပြောကြမယ်ထင်ပါတယ်။ ဘောလုံးလောကဟာလည်း ကမ္ဘာတစ်လွှားမှာ ပရိသတ်အင်အားအရ‌ရော ၊ ဈေးကွက်အင်အားအရပါ အင်အားကြီးတဲ့ အားကစားနယ်ပယ်ဖြစ်ပါတယ်။ ဘောလုံးကလပ်အသင်းတွေမှာလည်း ဆုကြေးတွေ ၊ ရုပ်သံလွှင့်ခတွေနဲ့ စပွန်ဆာကြေးတွေကြောင့် သောက်သောက်လဲ ဝင်ငွေကြမ်းပါတယ်။

ဒါကြောင့်ပဲ ကမ္ဘာပေါ်က ဘီလျံနာတချို့ဟာ ဘောလုံးအားကစားမှာ စီးပွားရေးအရ ရင်းနှီးမြှပ်နှံမှုတွေ ရှိလာနေပါတယ်။ ဘောလုံးကလပ်အသင်းကို ပိုင်ဆိုင်တဲ့ သူဌေးတွေနဲ့ လုပ်ငန်းရှင်တွေကို ကြည့်ရင်လည်း ထိပ်တန်းက ချမ်းသာသူတွေ များပါတယ်။ ဒီတစ်ခေါက်မှာ ဘောလုံးပရိသတ်ကြီးအတွက် ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးကလပ်အသင်းပိုင်ရှင်တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

(၁) Public Investment Fund

Public Investment Fund Chairman

Photo: reuters

အင်္ဂလန်ပရီးမီးယားလိဂ်အသင်းကို ပိုင်တဲ့ Public Investment Fund ဟာ ကမ္ဘာ့အကြီးဆုံး နိုင်ငံပိုင်ရင်းနှီးမြှပ်နှံရေးလုပ်ငန်းစုဖြစ်ပါတယ်။ ဆော်ဒီတော်ဝင်မျိုးနွယ်တွေ ပိုင်ဆိုင်တဲ့ ဒီလုပ်ငန်းဟာ ခန့်မှန်းတန်ဖိုး ဒေါ်လာ ဘီလျံ ၅၀၀ အနည်းဆုံးရှိပါတယ်။ ၁၉၇၁ ခုနှစ်က တည်ထောင်ခဲ့တဲ့ ရင်းနှီးမြှပ်နှံရေးလုပ်ငန်းဖြစ်ပြီး ဆော်ဒီအာရဗျအစိုးရကိုယ်စား ရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေကို ကိုင်ထားတာပါ။
၂၀၂၁ မှာ PIF ဟာ ပရီးမီးယားလိဂ်အသင်းတစ်ခုဖြစ်တဲ့ နယူးကာဆယ်ယူနိုက်တက်ကို ဝယ်ခဲ့တာပါ။ ဒီလုပ်ငန်းကို ဦးစီးတဲ့ ဥက္ကဌ မိုဟာမက်ဘင်ဆယ်လ်မန်ဟာ အသားတင် ဒေါ်လာ ၁၇.၆ ဘီလျံဝန်းကျင် ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။

(၂) Dietrich Mateschitz

Dietrich Mateschitz

Photo: gpblog

ဒေါ်လာ ၂၅.၃ ဘီလံ ချမ်းသာတဲ့ ဩစတြေးလျဘီလျံနာ ဒိုင်ယက်ထရစ် မာတက်စ်ချီယက်လည်း အားကစားအသင်းတွေ အတော်များများ ပိုင်ဆိုင်ထားပါတယ်။ သူ့ပိုင် ဘောလုံးအသင်းတွေထဲမှာ ဘယ်လ်ဂျီယံကလပ် RB Leipzig ၊ ဩစတြေးလျ ဘောလုံးအသင်း FC Red Bull Salzburg အသင်းနဲ့ အမေရိကန်ပရော်ဖက်ရှင်နယ်အသင်း New York Red Bulls အသင်းတွေလည်း ပါဝင်ပါတယ်။

(၃)Sheik Mansour

Sheik Mansour

Photo: middleeasteye

မန်ဆာဘင် ဇာယက်အယ်လ်နက်ဟန်ကို ရှိတ်ခ်မန်ဆာဆိုတဲ့ နာမည်နဲ့ လူသိများပါတယ်။ ရှိတ်ခ်မန်ဆာဟာ ပရီမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာစီးတီးကို ပိုင်ဆိုင်သူဖြစ်သလို တခြားအားကစားအသင်းတွေ ဖြစ်တဲ့ မဲလ်ဘုန်းစီးတီးနဲ့ နယူးယော့ခ်စီးတီးအသင်းတွေကိုလည်း သူ့ပိုင် City Football Group အောက်ကနေ ဝယ်ထားပါတယ်။

ဒေါ်လာ ၂၁ ဘီလျံခန့် ချမ်းသာတဲ့ ရှိတ်ခ်မန်ဆာဟာ ယူအေအီးနိုင်ငံရဲ့ ဒုဝန်ကြီးချုပ်လည်း ဖြစ်သလို သမ္မတရုံး ဝန်ကြီး ၊ ဘီလျံနာနဲ့ အဘူဒါဘီ တော်ဝင်မျိုးနွယ်က မင်းသားတစ်ပါးလည်း ဖြစ်ပါတယ်။ ရှိတ်ခ်မန်ဆာဟာ အားကစားအသင်းအတော်များများမှာ ရင်းနှီးမြှပ်နှံမှု လုပ်ထားသူဖြစ်ပြီး အိန္ဒိယမှာ မွမ်ဘိုင်းစီးတီးအသင်း ၊ ဘယ်လ်ဂျီယံ ဘောလုံးအသင်း Lommel SK နဲ့ ဥရု‌ဂွေးအသင်း Montevideo City Torque ကိုလည်း ဝယ်ထားပါတယ်။

(၄) Andrea Agnelli & Family

Andrea Agnelli & Family

Photo: nationaldaily

ဂျူဗင်တပ်စ်အသင်းပိုင်ရှင် အန်ဒရီယာ အဂ္ဂနဲလီမိသားစုရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁၉.၁ ဘီလျံ ရှိပါတယ်။ အဂ္ဂနဲလီမိသားစုဟာ ဂျူဗင်တပ်စ်ကလပ်အသင်းနဲ့ ဥရောပကလပ်အသင်းအဖွဲ့ချုပ် ECA နှစ်ခုလုံးရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။ စက်မှုလုပ်ငန်းရှင်မိသားစုဖြစ်တဲ့ အဂ္ဂနဲလီမိသားစုတွေရဲ့ စီးပွားရေးကဏ္ဍဟာ အတော်လေးစုံလင်ပါတယ်။ ဒီထဲမှာ Fiat ၊ Ferrari ၊ Alfa Romeo စတဲ့ ကားထုတ်လုပ်ရေးတွေမှာလည်း ပါဝင်နေပါတယ်။

(၅)Roman Abramovich

roman abramovich

Photo: futbolred

ချဲလ်ဆီးအသင်းသူဌေး ရိုမန် အေဗရာမိုဗစ်ဟာ Forbes မဂ္ဂဇင်းအရ ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၁၄.၆ ဘီလျံအထိ ချမ်းသာပါတယ်။ ရုရှားလူမျိုး စီးပါားရေးလုပ်ငန်းရှင်ဟာ ၂၀၀၃ ခုနှစ်ကတည်းက ချဲလ်ဆီးအသင်းကို ပေါင်စတာလင် သန်း ၁၄၀ နဲ့ ဝယ်ခဲ့တယ်လို့ ဆိုပါတယ်။

Featured Photo: khelnow