ဗြိတိန်နဲ့ နိုင်ငံတကာဂီတလောကမှာ ဩဇာကြီးမားတဲ့ ၄၂ ကြိမ်မြောက် BRIT Awards ကို လာမယ့် ဖေဖော်ဝါရီ ၈ ရက်နေ့ လန်ဒန်မြို့ The O2 Arena မှာ ကျင်းပသွားတော့မှာပါ။ British Phonographic Industry (BPI) က တင်ဆက်တဲ့ Brit Awards ရဲ့ ၄၂ ကြိမ်မြောက် ဆုပေးပွဲအတွက် ဆန်ကာတင် Nominations တွေလည်း ထွက်လာပါပြီ။
2022 BRIT Awards မှာ တစ်နှစ်တာ အယ်လ်ဘမ်ဆု ၊ အနုပညာရှင်ဆု ၊ အကောင်းဆုံးအဖွဲဆု ၊ အကောင်းဆုံးသီချင်းဆု ၊ အကောင်းဆုံး မျက်နှာသစ်အဆိုတော်ဆု ၊ အကောင်းဆုံး နိုင်ငံတကာအနုပညာရှင်ဆု ၊ အကောင်းဆုံး နိုင်ငံတကာအဖွဲ့ဆု ၊ အကောင်းဆုံး နိုင်ငံတကာသီချင်း ၊ Brits မျက်နှာသစ်အဆိုတော်ဆု ၊ အကောင်းဆုံးအကဆု ၊ အကောင်းဆုံး Rock/Alternative ဆု ၊ Pop/R&B ဆု ၊ Hip Hip / Grim /Rap ဆုဆိုပြီး ဆုအသီးသီး ပေးသွားမှာပါ။
တစ်ဦးချင်း Nominations မှာ Adele ၊ Dave ၊ Ed Sheeran ၊ Little Simz နဲ့ Sam Fender တို့က ထိပ်ဆုံးက တစ်ပြေးနေကြပါတယ်။ တစ်နှစ်တာအကောင်းဆုံး သီချင်းဆု ဆန်ကာတင်စာရင်းမှာလည်း ဒီနာမည်တွေ ပါဝင်နေတာကို မြင်ရမှာပါ။ လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် စိတ်လှုပ်ရှားစရာ 2022 BRIT Awards ပွဲကြီးမှာ စင်ပေါ်တက် ဖျော်ဖြေကြမယ့် အနုပညာရှင်တွေလည်း ရှိနေပါတယ်။ ဒီထဲက နာမည်ကြီးအဆိုတော်တွေကတော့ –
(၁) Adele

Photo: pitchfork
ကမ္ဘာကျော် အင်္ဂလန်အဆိုတော် နဲ့ အယ်လ်ဘမ်အချပ်ရေ သန်း ၁၂၀ ကျော် စံချိန်တင် ရောင်းချထားတဲ့ အဒဲလ်ကို BRIT Awards ဆုပေးပွဲနေ့မှာ Performer အနေနဲ့ တင်ဆက်တာ မြင်တွေ့ရမှာပါ။ အဒဲလ်ဟာ 30 အယ်လ်ဘမ်နဲ့ BRIT Awards မှာ Album of The Year ဆန်ကာတင်ထားသလို Artist of The Year နဲ့ Song Of The Year ဆုတွေမှာလည်း Nominations စာရင်းဝင်ထားပါတယ်။
(၂) Liam Gallagher

Photo: pitchfork
Oasis ရော့ခ်ကာဟောင်း လီယန် ဂယ်လန်ဂါးလည်း BRIT Awards ပွဲမှာ စင်ပေါ် တက်လာမယ်လို့ ဆိုပါတယ်။ အသက် ၄၉ နှစ်အရွယ် ရော့ခ်ကာကြီးဟာ ၂၀၁၈ ခုနှစ်က နောက်ဆုံး Show သီဆိုထားတာပါ။ ဒီနှစ်နွေဦးပိုင်းမှာ သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော် စတူဒီယိုအယ်လ်ဘမ်ထွက်လာဖို့လည်း ရှိပါတယ်။
(၃) Dave

Photo: Dazed
ရက်ပ်ပါ Dave ရဲ့ နာမည်လည်း အဒဲလ်နာမည်ပါတဲ့ ဆုစာရင်းတိုင်းမှာ ဆန်ကာတင်အဖြစ် ပါဝင်နေပါတယ်။ Dave ဟာ ၂၀၂၀ ပြည့်နှစ်မှာ BRIT Awards ရဲ့ တစ်နှစ်တာ အယ်လ်ဘမ်ဆု ရထားသူလည်း ဖြစ်ပါတယ်။ BRIT Awards 2020 မှာပဲ သူ့ရဲ့ Black သီချင်းကို ပီယာနိုလက်စွမ်းပြသွားတာကလည်း အမှတ်တရပါပဲ။
(၄) Ed Sheeran

Photo: Sky News
BRIT Award မှာ Nominations စာရင်းဝင်ထားတဲ့ အက်ဒ်ရှီယန်က ဒီပွဲမှာ ဝင်ရောက်ဖျော်ဖြေမယ်လို့ ပထမဆုံး ကြေညာထားတဲ့ အဆိုတော်တွေထဲက တစ်ဦးပါ။ သူ့ရဲ့ ပဉ္စမမြောက် စတူဒီယိုအယ်လ်ဘမ် Equals အောင်မြင်မှုက လှုပ်ခတ်နေဆဲမှာ Shape Of You အဆိုတော် အက်ဒ်ရှီယန်အနေနဲ့ သူ့ပရိသတ်တွေကို ဘယ်လို ဖျော်ဖြေသွားမလဲဆိုတာကို စောင့်ကြည့်ရဦးမှာပါ။
(၅) Little Simz

Photo: Hypebae
နာမည်အရင်း Simbiatu Ajikawo ဖြစ်ပြီး အနုပညာနာမည် Little Simz လည်း ဒီနှစ် BRIT Awards မှာ တက်ရောက်ဖျော်ဖြေမယ်လို့ ဆိုပါတယ်။ Little Simz ကို British Artist Of The Year ၊ Best New Act ၊ Best Hip Hop/Rap/Grime နဲ့ Album Of The Year ဆုတွေမှာ ဆန်ကာတင်အဖြစ် တွေ့မြင်ထားရပါတယ်။
Featured Photo: thetealmango
