“စိတ်သွားတိုင်း ကိုယ်မပါ”ဆိုတဲ့ စကားပုံ ရှိပါတယ်။ လူတွေဟာ ကိုယ့်စိတ်ထဲကအတိုင်း ခန္ဓာကိုယ်က လက်တွေ့ ပုံဖော်မပေးနိုင်တဲ့အခါ ဒီလို သုံးနှုန်းကြပါတယ်။ ဟုတ်ပါတယ်။ စိတ်သွားလို့ ကိုယ်မပါရင် ဘယ်တော့မှ လိုရာခရီး ရောက်မှာ မဟုတ်ပါဘူး။ စိတ်နဲ့ ခန္ဓာကိုယ်ဟာ အချိတ်အဆက်မိမိ လှုပ်ရှားခြင်းကပဲ ကိုယ်ဖြစ်ချင်တာတွေ လုပ်နိုင်ဖို့အတွက် အခြေခံအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ အောင်မြင်ချင်တယ်/အမြင့်ရောက်ချင်တယ်ဆိုရင် စိတ်နဲ့ ခန္ဓာကိုယ် အတွဲအဖက်ညီဖို့ လိုပါတယ်။

Photo: Freepik

စိတ်နဲ့ ကိုယ် ဟန်ချက်ညီညီ လှုပ်ရှားမှသာ အလုပ်ဝန်ဆွေ လျှော့ချနိုင်ပါမယ်။ စိတ်ဟာ ထက်မြက်နေပြီး ခန္ဓာကိုယ်ဟာ ကျန်းမာသွက်လက်နေရင် အလုပ်တွေ လွယ်လွယ်လေးနဲ့ လက်စသတ်နိုင်ပါတယ်။ မမောမပန်းနဲ့ ကိုယ်လုပ်ချင်တာလေးတွေ ထိထိရောက်ရောက် လုပ်နိုင်ပါလိမ့်မယ်။ နေ့စဉ်ဘဝမှာလည်း ကောင်းကွက်ကလေးတွေ ရှာနိုင်ပါလိမ့်မယ်။

တစ်ခါတစ်လေမှာ လူက ကျန်းမာပါလျက်နဲ့ စိတ်က ပျင်းရိငြီးငွေ့နေတာ/စိတ်မပါလက်မပါတာမျိုးတွေ ဖြစ်ဖူးမှာပါ။ ဒါမျိုးအခြေအနေကိုတော့ စိတ်နဲ့ကိုယ် စည်းချက်မမိဖြစ်နေတာလို့ ဆိုနိုင်ပါတယ်။ ဒီလို ဖြစ်နေရင် ဘယ်လောက် လုပ်လုပ် လုပ်သလောက် ပင်ပန်းပြီး ဘာမှလည်း မယ်မယ်ရရ စိတ်ကျေနပ်စရာ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒ့ါကြောင့် စိတ်ကို ရှင်းထားပါ။ ကိုယ်ခန္ဓာကို ကျန်းမာသန်စွမ်းအောင် ဂရုစိုက်ပါ။ စိတ်ကြည်လင် သန့်ရှင်းဖို့အတွက် အသက်ရှုလေ့ကျင့်ခန်းနဲ့ စိတ်တည်ငြိမ်အောင် လုပ်သလို တရားထိုင်တာမျိုးလည်း လုပ်နိုင်ပါတယ်။ ကိုယ်ကျန်းမာဖို့အတွက် ကံ ၊ စိတ် ၊ ဥတု နဲ့ အာဟာရ မျှတအောင် နေဖို့ လိုပါတယ်။

Photo: Freepik

သောကနည်းအောင် နေတတ်တဲ့ စိတ်မွေးပါ။ စိတ်ညစ်စရာကောင်းလောက်အောင် အဆိုးမြင်သူနဲ့ ငြီးတွားတတ်သူတွေနဲ့ အချိန်မကုန်ပါစေနဲ့ ။ အားလပ်ချိန်မှာ စိတ်ပြေလက်ပျောက်ခရီးတွေ ဘာတွေ ထွက်ပါ။ စိတ်နဲ့ ကိုယ်ဟာ ဟန်ချက်ညီညွတ်နေသူဟာ အရွယ်တင်နုပျိုသလို ကျန်းမာရွှင်လန်းပြီး အသက်လည်း ရှည်ပါတယ်။

ခြုံပြီး ပြောရမယ်ဆိုရင် အလုပ် ၊ ကျန်းမာရေး နဲ့ လူမှုဘဝ တိုးတက်အောင်မြင်ဖို့အတွက်ဆိုရင် စိတ်ကိုလည်း ကျန်းမာအောင်ထားပြီး ကိုယ်ကိုယ်လည်း ကြံ့ခိုင်အောင် သတိထားဖို့ တိုက်တွန်းချင်ပါတယ်။