ဆံပင်အလယ်ခွဲကေကို အင်္ဂလိပ်လိုဆိုရင် Curtains Hairstyles လို့ခေါ်ဝေါ်ကြပါတယ်။ ခန်းစီးစနှစ်စကို ချမထားဘဲ ဘေးတစ်ဖက်တစ်ချက်မှာစည်းနှောင်ထားတာနဲ့ ပုံသဏ္ဍာန်တူတာကြောင့် ထိုကဲ့သို့ အမည်တွင်ခဲ့ခြင်းဖြစ်ပါတယ်။ ဆံပင်အလယ်ခွဲက လူတိုင်းနဲ့လိုက်ဖက်တဲ့စတိုင်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ လိုက်ဖက်တဲ့လူဆိုရင်လည်း အင်မတန်အထာကျတာကို တွေ့မြင်ကြရမှာပါ။

အလယ်ခွဲကေ စပေါ်ခါစကဆိုရင် စည်သူလွင်၊ ဟက်ကက်စတဲ့ အနုပညာရှင်တွေညှပ်ကြလို့ ဆံပင်ညှပ်ဆိုင်တွေမှာ စည်သူလွင်ကေ၊ ဟက်ကက်ကေစသည်ဖြင့် နာမည်ကြီးခဲ့ပါသေးတယ်။ နိုင်ငံခြားက ကမ္ဘာကျော်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဘရက်ပစ်ဒ်၊ ဘောလုံးလောကမှာ မသိသူမရှိတဲ့ ဒေးဗစ်ဘက်ခမ်းတို့လည်း အလယ်ခွဲကေနဲ့ အင်မတန်လိုက်ဖက်သူတွေပဲဖြစ်ပါတယ်။

အလယ်ခွဲကေထားချင်ရင် ဘယ်လိုစထားရမလဲ

အရင်ဦးဆုံး ကိုယ်ကြိုက်နှစ်သက်တဲ့ မော်ဒယ်၊ မင်းသားတစ်ယောက်ယောက်ရဲ့ အလယ်ခွဲကေကို နမူနာယူပါ။ ဆံပင်ညှပ်ဆိုင်မှာ အဲ့ပုံကိုပြပြီး တစ်ပုံစံတည်းယူအောင် ညှပ်ခိုင်းလိုက်ပါ။ စညှပ်ပြီးပြီးချင်း တစ်ရက်၊ နှစ်ရက်မှာတော့ အသားကျဦးမှာ မဟုတ်ပါဘူး။ ကိုယ်နဲ့မလိုက်လို့ဆိုပြီး စိတ်မပူပါနဲ့။ အချိန်ကြာလာတဲ့အခါ လိုက်ဖက်မှုရှိပြီး အထာကျတဲ့အမျိုးသားတစ်ယောက်အသွင် တဖြည်းဖြည်းကူးပြောင်းသွားတာကို တွေ့ရမှာပါ။

စာဖတ်သူကိုကိုတို့ လေ့လာလို့ရအောင် ကမ္ဘာကျော် အနုပညာရှင်များရဲ့ အလယ်ခွဲကေအမျိုးမျိုးကိုလည်း ဝေမျှပေးလိုက်ပါတယ်။

Alex James

Alex James ကတော့ အင်္ဂလိပ်လူမျိုး တေးဂီတပညာရှင်၊ သီချင်းရေးဆရာနဲ့ ဂျာနယ်လစ်သမားတစ်ယောက်ဖြစ်တဲ့အပြင် ချိစ်ပြုလုပ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ Blur လို့ အမည်ရတဲ့ တေးဂီတ တီးဝိုင်းမှာ ဘေ့စ်ဂီတာတီးသမားလည်းဖြစ်ပါတယ်။ သူ့အလယ်ခွဲကေကတော့ ၁၉၉၀ ဝန်းကျင်မှာ တော်တော်လေးခေတ်စားခဲ့ပါတယ်။

River Phoenix

အမေရိကန်လူမျိုးတစ်ဦးဖြစ်တဲ့ River Phoenix က သရုပ်ဆောင်တစ်ဦးလည်းဖြစ်သလို၊ တေးဂီတပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ အလယ်ခွဲဆံပင်ကေနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့သူပါ။ စိတ်မကောင်းစရာကတော့ အနုပညာလုပ်ငန်းတွေကို တစ်ဝကြီးလုပ်ခွင့်မရခဲ့ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါးခဲ့ရတာကတော့ အနုပညာလောကအတွက် ဆုံးရှုံးမှုတစ်ခုပဲဖြစ်ပါတယ်။

Timothee Chalamet

အမေရိကန် သရုပ်ဆောင် Timothee က ယနေ့ခေတ်မှာ အောင်မြင်ကျော်ကြားနေတဲ့ လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ မိန်းကလေးပရိသတ်တွေကြား ရေပန်းစားနေသူတစ်ဦးဖြစ်ပြီး စာဖတ်သူကိုကိုတို့အနေနဲ့ကတော့ သူ့ဆံပင်ကေကို အတုယူညှပ်ကြည့်လိုက်မယ်ဆိုရင် သူ့လိုပဲ စန်းပွင့်လာပါလိမ့်မယ်။ မယုံရင် စမ်းညှပ်ကြည့်လိုက်ပါ။

Source: Fashionbeans.com