ယုံကြည်မှုပျောက်ဆုံးခြင်းဟာ ရပ်တည်ချက်ပါ ပျောက်ဆုံးစေတဲ့ အထိ ဆုံးဝါးတဲ့ အရာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို မယုံကြည်တော့ဘူးဆိုရင် သင့်မှာ ပင်ကိုယ်ယုံကြည်မှု Self-Belief ပျောက်သွားပြီဆိုရင် ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှုပါ ကျဆင်းသွားနိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် Self-Belief ပျောက်ဆုံးသွားနိုင်ပါတယ်။တစ်ခါတစ်လေမှာ ယာယီပျောက်ဆုံးသွားတာ ဖြစ်ပြီး တစ်ခါတစ်လေမှာ Self-Belief ဟာ နှစ်ရှည်လများ ပျောက်ဆုံးသွားတတ်ပါတယ်။ ဒီလို ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ ဖြစ်တတ်တဲ့ ယေဘုယျအကြောင်းအရာတစ်ချို့အကြောင်း ပြောပြချင်ပါတယ်။

(၁) ပျော်စရာမကောင်းတဲ့ မိသားစု

Photo: Freepik

မိသားစုတစ်ခုဟာ လူတစ်ယောက်ကို ပုံသွင်းရာမှာ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးဆိုလည်း မမှားပါဘူး။ မိသားစုဝင်တွေရဲ့ ဩဇာနဲ့ အတွေးအခေါ်လွှမ်းမိုးမှုဟာ သင့်တစ်ဘဝလုံးနဲ့ ဆိုင်ပါတယ်။ ပျော်စရာမကောင်းတဲ့ မိသားစုထဲမှာ ကြီးပြင်းလာခြင်းဟာ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးမှုထိခိုက်စေတဲ့ အဓိက အကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။မိဘတွေဆီက ချီးကျူးအားပေးမှုနဲ့ ပြုစုပျိုးထောင်မှုကောင်းကောင်း မရခဲ့တဲ့ ကလေးတစ်ယောက်ဟာ Self-Belief ရှိရှိ လူလားမြောက်လာဖို့ ခက်ပါတယ်။ သူ့ဘဝတစ်လျှောက်လုံး ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတဲ့ စိတ်နဲ့ပဲ ဖြတ်သန်းရဖို့ များပါတယ်။

(၂) မကောင်းတဲ့ ပတ်ဝန်းကျင်

Photo: thehealthy

သင့်အနားမှာ ရှိတဲ့သူတွေကလည်း သင့်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပေါ် ဩဇာသက်ရောက်မှုရှိပါတယ်။ သင့်ကို စိတ်ပျက်အားလျော့စေတဲ့ စကားတွေပဲ ဆိုတတ်တဲ့ အပေါင်းအဖော်တွေ ၊ သင့်စွမ်းရည်ကို အသိအမှတ်မပြုဘဲ ရှုံ့ချပြောဆိုတတ်သူတွေကြောင့်လည်း သင့်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျဆင်းနိုင်ပါတယ်။လူတွေရဲ့ အထင်အမြင်တွေကို ဦးစားပေးလွန်းနေမယ်ဆိုရင် ကိုယ်ပိုင်စံတန်ဖိုးတွေ ပျက်စီးပျောက်ကွယ်သွားမှာပါ။ အဆိုးမြင်သူတွေနဲ့ ကိုယ့်အတွက်သဟဇာတမဖြစ်တဲ့ နေရာတွေမှာ ကြာကြာနေလေလေ Self-Belief ကျလေလေ ဖြစ်တယ်ဆိုတာ သိထားသင့်ပါတယ်။

(၃) စိတ်ဒဏ်ရာများ

Photo: Unsplash

နှိမ့်ချစော်ကားခံရတဲ့ အတွေ့အကြုံတွေကြောင့်လည်း Self-Belief နည်းတဲ့သူ ဖြစ်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသူတွေဟာ စိတ်ဓါတ်ကျခြင်းနဲ့ စိတ်ရှုပ်ထွေးခြင်းတွေ ခံစားရနိုင်ပါတယ်။ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေကြောင့် ကိုယ့်ကိုယ်ကို အထင်ကြီး လေးစားတဲ့ စိတ် ပျောက်ကွယ်သွားတတ်ပါတယ်။

(၄) ဆိုးရွားတဲ့ ဆုံးဖြတ်ချက်များ

Photo: Freepik

တစ်ချိန်က လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်အမှားတွေကြောင့် အနာဂါတ်မှာ ချမှတ်မယ့် ဆုံးဖြတ်ချက်တွေအပေါ် ကိုယ့်ကိုယ်ကို မယုံရဲတာမျိုး ဖြစ်တတ်ပါတယ်။ ရှုံးနိမ့်မှုတွေ ဆက်လာတဲ့အခါ ယုံကြည်ချက် ပျောက်သွားတတ်တာမျိုးက ဖြစ်တတ်ပါတယ်။ အဲ့ဒီအခြေအနေကို ကုစားဖို့အတွက် တကယ်ယုံကြည်လေးစားထိုက်တဲ့ ပညာရှင်ရဲ့ အကြံဉာဏ်ရယူတာမျိုး လုပ်သင့်ပါတယ်။

(၅) အပျက်သဘောဆောင်တဲ့ အတွေးစကား

Photo: Unsplash

အဆိုးမြင်တဲ့ အတွေး Patterns တွေက သင့်ကို နိမ့်ကျတဲ့ဘက်ကို ဆွဲချသွားနိုင်ပါတယ်။ သင့်ခေါင်းထဲက အသံဟာ သင့်ကို Motivate လုပ်တဲ့ အားပေးစကားပဲ ဖြစ်သင့်ပါတယ်။ စိတ်ပညာမှာတော့ Autosuggestion လို့ ခေါ်ပါတယ်။ သင့်ကိုယ်သင် ‘ငါ ညံ့တယ်။ ငါလုပ်မှ လုပ်နိုင်ပါ့မလား’ စတဲ့ အတွေးတွေ ခဏခဏဝင်နေရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းလာနိုင်ပါတယ်။ဒီတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မြင့်လာချင်ရင် အတွေးလှိုင်းတွေ ဂရုစိုက်ပါ။ ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်ပြောင်းပါ။ ကိုယ့်ကိုယ်ကို ပိုကောင်းအောင် ကြိုးစားပါ။ တစ်နေ့ထက် တစ်နေ့ အောင်မြင်မှုသေးသေးလေးတွေ နေ့တိုင်း ရအောင် လုပ်ပါ။ ကိုယ့်ကိုယ်ကို ချီးမွမ်းပါ။ ဒီနည်းနဲ့ Self Belief မြင့်အောင်လုပ်သွားသင့်ပါတယ်။