ဘာပဲလုပ်လုပ် အစီအစဉ်နဲ့လုပ် ဆိုတဲ့ စကားကြားဖူးကြမှာပါ။ ဘဝမှာ ရည်မှန်းချက်တွေ ပြီးမြောက်အောင်မြင်ဖို့ ပန်းတိုင်တွေဆီ တစ်ဆင့်ချင်း သွားမယ့်လမ်းကို ကိုယ်တိုင်ပဲ အစီအစဉ်ဆွဲရတာ ဖြစ်ပါတယ်။ အောင်မြင်ပေါက်ရောက် အထက်တန်းရောက်ချင်သူတွေတစ်ယောက်ဟာ Plan မရှိဘဲ ရှေ့ဆက်သွားလို့ မရပါဘူး။

ဒါကြောင့်ပဲ “အစီအစဉ်ရေးဆွဲဖို့ ပျက်ကွက်တာဟာ ရှုံးနိမ့်ဖို့ စီစဉ်‌နေတာ”လို့ ပြောကြာတာ ဖြစ်ပါတယ်။ အောင်မြင်ဖို့အတွက် 5P စည်းမျဉ်းကို လိုက်နာဖို့ လိုပါတယ်။ 5P ဆိုတာ Proper Preparation Prevents Poor Performance ကို ပြောတာပါ။ ကောင်းမွန်တဲ့ ကြိုတင်ပြင်ဆင်မှုက စွမ်းဆောင်ရည်ညံ့တာ မဖြစ်အောင် ကာကွယ်ရာရောက်တယ်လို့ ဆိုပါတယ်။

planning

Photo: Unsplash

Planning လုပ်တယ်ဆိုတာ အာရုံစူးစိုက်မှုကို ဖန်တီးပေးပါတယ်။ ဒါကြောင့် နံပါတ်တစ်အချက်က Planning Creates Focus ဆိုတာ မ‌မေ့ပါနဲ့။ သင့်မှာ Plan မရှိရင် သင့်မှာ Focus မရှိတော့ဘူး။ ဦးတည်ရာပျောက်ခြင်းဟာ အရပ်မျက်နှာပေါင်းစုံကို ထင်ရာလျှောက်သွားစေနိုင်ပါတယ်။ ဘဝကို အစီအစဉ်မဲ့ ပရမ်းပတာအဖြစ်ကို ဦးတည်စေနိုင်ပါတယ်။ Plan ရှိတဲ့သူဟာ ကိုယ်သွားမယ့်နေရာကို သိသလို ကိုယ်ရောက်နေတဲ့နေရာကနေ ဘယ်ကို ရှေ့ဆက်သွားရမလဲဆိုတာပါ မြေပုံပါပြီးသား ဖြစ်မှာပါ။

ကြိုတင်စီစဉ်ခြင်းရဲ့ နောက်ထပ် အရေးကြီးတဲ့အချက် ရှိပါတယ်။ အဲ့ဒါက မလိုလားအပ်တဲ့ အန္တရာယ်နဲ့ စွန့်စားမှုတွေကို လျှော့ချနိုင်ခြင်းပါပဲ။ ဒါကို Planning Reduces Risks လို့ မှတ်သားနိုင်ပါတယ်။ အစီအစဉ်ကောင်းရှိရင် လာမယ့်ဘေး အဝေးက ရှောင်ပြီး ဖြစ်စေပါလိမ့်မယ်။ ခေါင်းဆောင်တစ်ယောက်အဖို့ အလေးထားစဉ်းစားရတဲ့အချက်တစ်ချက်က ဖြစ်နိုင်ခြေရှိတဲ့ ဘေးအန္တရာယ်တွေကို လျှော့ချဖို့ပါပဲ။

ဗျူဟာမြောက်တဲ့ အစီအမံတွေ ရှိနေရင် ပြဿနာတစ်ခုခု ၊ စိန်ခေါ်ချက်တစ်ခုခု ပေါ်ပေါက်လာရင်တောင် ဖြစ်နိုင်တဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို အနည်းဆုံး လျှော့ချနိုင်ပါတယ်။ Planning ရှိတယ်ဆိုတာ ဖြစ်နိုင်သမျှ အခက်အခဲနဲ့ အခွင့်အလမ်းတွေ နှစ်ဖက်စလုံးကို သေချာစိစစ် စီစဉ်ပြီး အကောင်းဆုံးဖြစ်မယ့်နည်းလမ်းကို ဆွဲထုတ်ထားတာပဲ ဖြစ်ပါတယ်။ အစီအစဉ်ကောင်းတစ်ခုခုဟာ အရှုံးကနေ အနိုင်ပြောင်းနိုင်သလို အခက်အခဲကို အခွင့်အရေးအဖြစ်လည်း ဖော်ဆောင်နိုင်စွမ်းရှိပါတယ်။

နောက်ဆုံးတစ်ချက် ပြောချင်တာက Planning ရှိတာ ဆုံးဖြတ်ချက်ကို ပိုတိုးတက်ကောင်းမွန်စေတယ်ဆိုတာပါပဲ။ Planning Imporves Day-To-Day Decision Making လို့ ဆိုနိုင်ပါတယ်။ လူဟာ နေ့စဉ်ဘဝမှာ ဆုံးဖြတ်ချက်တွေ ချနေရတာပါ။ တစ်ရက်ပြီးတစ်ရက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ဆိုတာ အထက်တက်ချင်သူတွေအတွက် မဖြစ်မနေ လိုအပ်ပါတယ်။ အောင်မြင်ချင်ရင် နေ့စဉ် မှန်ကန်ပြီး လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ လိုပါတယ်။

To Do List

Photo: Unsplash

Planning လုပ်လေ့ရှိခြင်းအားဖြင့် နေ့တိုင်းအတွက် ဆုံးဖြတ်ချက်ချရာမှာ ပိုပြီးရဲရင့်လာသလို ဆုံးဖြတ်ချက်တိုင်းကလည်း ပိုပြီးထိရောက်မှု ရှိလာနိုင်ပါတယ်။ ဘဝမှာ အောင်မြင်ချင်ရင် တစ်ရက်ပြီးတစ်ရက် ကိုယ့်နေ့စဉ်ဘဝကို ပိုထိရောက်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချသွားရင်းနဲ့ ရှေ့ဆက်တက်သွားဖို့ လိုပါတယ်။ ဒီလို လုပ်ဖို့ Planning ရှိမှ ဖြစ်မှာပါ။

ခြုံပြီး ပြောရရင် အောင်မြင်မှုမှာ Plan ရှိခြင်းက အဓိကကျပါတယ်။ Plan ရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် တာဝန်ပေးလိုက်တာပါပဲ။ တချိန်တည်းမှာ ကိုယ့်ကိုယ်ကိုယ် အဓိဌာန်လိုက်တာလည်း ဖြစ်ပါတယ်။ အစီအစဉ်ကောင်းနောက် ဇွဲ ၊ လုံ့လ ၊ ဉာဏ်ပညာနဲ့ လူမှုဆက်ဆံ‌ရေးအတတ်ပညာတွေ ပေါင်းစည်းလိုက်ရင် မလွဲမသွေ အောင်မြင်ပေါက်ရောက် ထိပ်တန်းရောက်မှာ အမှန်ပါပဲ။

Featured Photo: Entrepreneur