အိပ်ရေးဝဝ မအိပ်စက်ပါက သင့်ခန္ဓာကိုယ်က ဘာဖြစ်သွားနိုင်မလဲ။
ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ချင်တဲ့ ယောကျာ်းများအတွက် အိပ်ရေးဝဝ အိပ်စက်ဖို့ အင်မတန်အရေးကြီးပါတယ်။ အိပ်ရေးဝဝ အိပ်စက်မှသာလျှင် တစ်နေ့တာအတွက် လိုအပ်တဲ့ စွမ်းအင်များကို ရရှိမှာဖြစ်ပြီး ရွှင်လန်းတက်ကြွနေမှာပဲဖြစ်ပါတယ်။
အိပ်ရေးပျက်ညတွေ များလာမယ်။ ညစဉ်ညတိုင်း အိပ်ရေးဝဝ မအိပ်စက်ရဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် ကျန်းမာရေးဆိုးကျိုးများကို ခံစားရနိုင်ပါတယ်။
မကြာခဏ နာမကျန်းဖြစ်လာမယ်
အိပ်ရေးဝဝ မအိပ်စက်ရတဲ့အခါ ကိုယ်ခံစွမ်းအားကျဆင်းလာပြီး ပြင်ပမှရောဂါပိုးမွှားများသည် ခန္ဓာကိုယ်ထဲသို့ အလွယ်တကူ ဝင်ရောက်လာပါလိမ့်မယ်။ ဒါဆိုရင်တော့ သင်သည် ဖျားနာလွယ်လာပြီး မကြာခဏ နာမကျန်းဖြစ်လာပါလိမ့်မယ်။
နှလုံးအားနည်းလာမယ်

တစ်ညလျှင် ၅ နာရီနှင့် ၅ နာရီထက်နည်းပါးစွာ အိပ်စက်ခြင်း (သို့) ၉ နာရီနှင့် ၉ နာရီအထက် အိပ်စက်ခြင်းသည် သင့်နှလုံးကျန်းမာရေးကို ထိခိုက်စေတယ်လို့ ဥရောပ နှလုံးကျန်းမာရေးဂျာနယ်တစ်ခုက ဖော်ပြထားပါတယ်။ သင့်ခန္ဓာကိုယ်က လိုအပ်သည်ထက် ပို၍မအိပ်စက်သင့်သလို လျော့နည်းပြီးတော့လည်း မအိပ်စက်သင့်ပါဘူး။
ကင်ဆာဖြစ်ပွားနိုင်ချေ မြင့်မားလာမယ်

အိပ်ရေးမဝခြင်းနှင့် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနှင့် ဆီးကျိတ်ကင်ဆာများသည် ဆက်စပ်နေတယ်လို့ လေ့လာတွေ့ရှိချက်များအရ တွေ့ရှိရပါတယ်။ သင့်အနေနဲ့ ကင်ဆာရောဂါ မခံစားလိုပါက တစ်နေ့လျှင် ၇ နာရီခန့် အိပ်စက်အနားယူသင့်ပါတယ်။ ၇ နာရီခန့် အိပ်စက်အနားယူသူများသည် ပိုမိုအသက်ရှည်ကြပါတယ်။
ကောင်းစွာ မစဉ်းစား မတွေးခေါ်နိုင်တော့ခြင်း

တစ်ညလောက် အိပ်ရေးပျက်လိုက်တာနဲ့ ဦးနှောက်ရဲ့စွမ်းဆောင်ရည်က ချက်ချင်းဆိုသလိုပဲ ကျဆင်းသွားတတ်ပါတယ်။ ညစဉ်ရက်ဆက် အိပ်ရေးပျက်သွားတာနဲ့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းများ ကျဆင်းသွားပြီး သင့်ရဲ့နေ့စဉ်ဘဝကို ထိခိုက်စေပါလိမ့်မယ်။
ကိုယ်အလေးချိန် တက်ခြင်း

အသက် ၂၀ ကျော်အရွယ်ရှိ လူအယောက် ၂၁၄၆၉ ယောက်အပေါ်မှာ သုံးနှစ်ကြာ ပြုလုပ်ထားတဲ့ လေ့လာစမ်းသပ်ချက်အရ တစ်ညလျှင် ၅ နာရီသာ အိပ်စက်အနားယူပါက ကိုယ်အလေးချိန် အတက်မြန်ပြီး နောက်ဆုံးမှာ အဝလွန်ရောဂါကို ခံစားရနိုင်ကြောင်းနှင့် တစ်နေ့လျှင် ၇ နာရီ၊ ၈ နာရီခန့် အိပ်စက်သူများကတော့ ကိုယ်ရည်စစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။
သင့်အနေနဲ့ အထက်ဖော်ပြပါ ကျန်းမာရေးဆိုးကျိုးများကို မခံစားရလိုပါက တစ်ရက်လျှင် ၇ နာရီ (သို့) ၈ နာရီခန့် မှန်မှန်အိပ်စက်အနားယူသင့်ပါတယ်။
Source: Healthline.com

