You Are Fired ဆိုတဲ့ စကားသုံးလုံးဟာ ဘဝတစ်ခုကို မဖျက်ဆီးနိုင်ပေမယ့် စိတ်မှာ ဒဏ်ရာတစ်ခုလို စွဲထင်သွားစေနိုင်ပါတယ်။ အလုပ်ထုတ်ခံရခြင်းဆိုတာ ပုံမှန်ဖြစ်ရိုး ဖြစ်စဉ်ကိစ္စမျိုးလည်း မဟုတ်တော့ စိတ်ထဲမှာ စိုးရိမ် ၊ ပူဆွေး ၊ အားငယ် ၊ ခြောက်ခြားပြီး ပေါက်ကွဲချင်တဲ့ စိတ်ခံစားချက်တွေ အမျိုးမျိုးနဲ့ အူချာပေါက်နေတတ်ပါတယ်။

ဒါပေမယ့် ဘယ်အရာမဆို အဆိုးထဲက အကောင်း ဆိုတာ ရှိပါတယ်။ Getting Fired ဟာ Growing Future လည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့

(၁) ရှေ့ခရီးသစ် ဆက်နိုင်မယ်

Photo: Freepik

အလုပ်ထုတ်ခံရတယ်ဆိုတာ ဘယ်သူမှ ကြုံချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခု ပြန်စဉ်းစားပါ။ အလုပ်တစ်ခုဟာ ရဖို့ မလွယ်သလို တစ်ခါတစ်လေများမှာ ထွက်ဖို့လည်း ခက်ခဲတတ်ပါတယ်။ ကိုယ့်အရည်အချင်းတေွ ပြခွင့် မရတဲ့ အလုပ်တစ်ခုမှာ နှစ်ချို့အောင် နေခဲ့တဲ့သူတွေဆိုရင် အလုပ်မပြောင်းခြင်းကြောင့် ဖြစ်ထွန်းသင့်သလောက် မဖြစ်လာတော့ပါဘူး။

အခုဆို အလုပ်တစ်ခုကို ကူးလို့ရပါပြီ။ နားနားနေနေ စိတ်အပန်းဖြေရင်း အလုပ်သစ်ရှာပါ။ အလုပ်သစ်မရခင် စပ်ကြားမှာ စိတ်ဓါတ်မကျဖို့နဲ့ ဦးမော့ထားဖို့ပဲ လိုပါတယ်။

(၂) အသစ်တွေ လေ့လာရတော့မယ်

Photo: Freepik

လူတစ်ယောက်ဟာ အဆိုးဆုံး အချိန်တွေ ကြုံဖူးမှ ဘဝရဲ့ အလှဆုံး ရသကို ခံစားတတ်မှာပါ။ လက်တွေ့ကျကျ လောကဓံကို ဖြတ်သန်းကြတဲ့အခါ အရေးကြီးတာက အကောင်းတွေ ဖြစ်လာမယ်လို့ ယုံကြည်ထားတဲ့ မျှော်လင့်မှုပါပဲ။ အလုပ်ထုတ်ခံရပြီးနောက် ခက်ခဲတဲ့ အခြေအနေတွေမှာ တကယ့်ဘဝတွေအကြောင်း ကိုယ်တိုင် သင်ကြားရတော့ပါမယ်။ ဒါဟာ အရေးပါပြီး လိုအပ်တယ်လို့ ခံယူပါ။

(၃) ကိုယ့်ဘဝကို ပြန်သုံးသပ်ဖို့ အချိန်ရမယ်

Photo: Pexels

ခံစားချက် မထားဘဲ တည့်တည့်မတ်မတ် တွေးပါ။ ဘာကြောင့် အလုပ်အထုတ်ခံရတာလဲ။ ကိုယ်ညံ့လို့လား ၊ ကုမ္ပဏီက လူလျှော့ချင်လို့လား ၊ အထက်လူကြီးနဲ့ အဆင်မပြေလို့လား၊ ကိုယ်ပဲ နေရာလွဲနေသလား။ ကိုယ့်တကယ့် စွမ်းရည်နဲ့ အားသာချက်က ဘာလဲ။ ငါ့ရဲ့ တကယ့် ပင်ကိုယ် Power ကဘာလဲ။ ငါဘာလုပ်သင့်သလဲ။ ကိုယ့်ကိုယ်ကို နက်နက်နဲနဲ စူးစိုက်သုံးသပ်ပြီး အဖြေရှာပါ။

(၄) ရင်ဆိုင်တတ်လာမယ်

Photo: Freepik

Learning to Survive ဟာ ရှင်သန်ရပ်တည်ရေးမှာ အခရာပါပဲ။ ဘဝမှာ ကောင်းကောင်းကြီး ရှင်သန်ဖို့ မှန်ကန်ပြီး အခါသင့်တဲ့ အစီအစဉ်တွေ လိုပါတယ်။ သတ္တိ ၊ ဉာဏ်နဲ့ ဇွဲလုံ့လတွေ လိုပါတယ်။ နောက်တစ်ခုက ရှုံးခဲ့ဖူးဖို့ လိုပြီး အဲဒီအရှုံးကနေ သင်ခန်းစာ ထုတ်တတ်ဖို့လည်း လိုပါတယ်။

လောကထဲ တိုးဝင်နေတဲ့ လူတိုင်းဟာ အခက်အခဲတွေ တွန်းထုတ်ပြီး ကိုယ့်ကိုယ်ကို ရှေ့ရောက်အောင် မောင်းနှင်နေကြတာ ဖြစ်ပါတယ်။ အလုပ်ထုတ်ခံရခြင်းဟာ သင့်ကိုယ်သင် မထင်ထားတဲ့ နည်းလမ်းတွေနဲ့ သင့်ဘဝအပြောင်းအလဲအတွက် အရေးပါတဲ့ အတွေးနဲ့ သင်ခန်းစာတွေ ပေးပါလိမ့်မယ်။ ဘဝက ဘာပဲပေးပေး ကိုယ့်အတွက် ဆေးဖြစ်အောင် ဖော်စပ်တတ်ရင် ဘယ်တော့မှ အဆိပ်မဖြစ်ပါဘူး။