စာဖတ်သူအနေနဲ့ မိမိကိုယ်ကို တစ်ကိုယ်ရည်သန့်ရှင်းမှုရှိတဲ့လူတစ်ယောက်လို့ ထင်မြင်ယူဆမိပါသလား။

တစ်နေ့ကို အနည်းဆုံး ရေ တစ်ခါချိုးပေးခြင်း၊ အိမ်သာထဲက ထွက်လာပြီးနောက် ဆပ်ပြာဖြင့် လက်ဆေးကြောခြင်း၊ တစ်နေ့ကို သွား နှစ်ခါတိုက်ပေးခြင်း၊ ချွေးနံ့ နံနေသော အဝတ်အစားများကို လျှော်ဖွပ်ပြီးမှ ပြန်လည်ဝတ်ဆင်ခြင်း စတဲ့အရာတွေက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အင်မတန်မှ အရေးကြီးတဲ့အရာတွေပဲဖြစ်ပါတယ်။

တစ်ကိုယ်ရည် သန့်ရှင်းရေး မရှိဘူးဆိုရင် ဘယ်လိုဆိုးကျိုးတွေ ခံစားရနိုင်မလဲ။

Source: usatoday.com

ပထမဆုံး ထိခိုက်မယ့်အရာကတော့ ကျွန်တော်တို့ရဲ့ ကျန်းမာရေးပဲဖြစ်ပါတယ်။ အိမ်သာထဲက ထွက်လာပြီးတဲ့ ဆပ်ပြာနဲ့ သေချာမဆေးကြေဘူးဆိုရင် ဘက်တီးရီးယားပိုးမွှားများ ကပ်ငြိနေတဲ့လက်ကို ပြန်လည်အသုံးပြုမိမယ်၊ ထိုညစ်ပတ်နေတဲ့ လက်နဲ့ အစား စားမိမယ်ဆိုရင် အစာအိပ်ရောဂါ၊ အူလမ်းကြောင်းမှာ ပိုးဝင်ခြင်း စတဲ့ ရောဂါလက္ခဏာများ ခံစားရပါလိမ့်မယ်။

Source: Shutterstock

လူတော်တော်များများက မနက်အိပ်ယာနိုးရင် သွားတိုက်လေ့ရှိပေမယ့် ညဘက် အိပ်စက်ခါနီးအချိန်မှာတော့ ပျင်းရိတတ်တာက တစ်ကြောင်း၊ တစ်နေကုန် အလုပ်လုပ်ရလို့ ပင်ပန်းပြီး ခြေမသယ်ချင် လက်မသယ်ချင်ဖြစ်တာကတစ်ကြောင်း စတဲ့ အကြောင်းပြချက်မျိုးစုံနဲ့ အိပ်ရာဝင်ခါနီး သွားတိုက်ဖို့ကို လျစ်လျူရှုပစ်လိုက်ကြပါတယ်။ သွားကိုက်လာပြီ သွားနာလာပြီဆိုတော့မှ တစ်နေ့နှစ်ကြိမ် ပုံမှန်သွားတိုက်ဖို့ သတိရလာကြပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိရင် ခံစားရမယ့် ကျန်းမာရေးဆိုးကျိုးတွေကတော့ မနည်းမနောပါပဲ။

မိမိကိုယ်ကို ယုံကြည်မှုလျော့ကျလာခြင်း

Source: youngmenshealthsite.org

မနေ့က ဒီအင်္ကျီကို နာရီပိုင်းလောက်ပဲ ဝတ်ထားတာပဲ။ ဒီနေ့ ပြန်ဝတ်လို့ရလောက်ပါတယ်။ ပြဿနာမရှိနိုင်လောက်ပါဘူးလို့ မထင်လိုက်ပါနဲ့။ ၄ လ တစ်ကြိမ်၊ ၅ လတစ်ကြိမ်မှ လျှော်ဖွပ်ရတဲ့ ဂျင်းဘောင်းဘီတွေက ပြဿနာမရှိပေမယ့် ရိုးရိုးအင်္ကျီတွေကတော့ ဖြစ်နိုင်ရင် တစ်ကြိမ်ဝတ်ပြီးတာနဲ့ လျော်ဖွပ်ပစ်လိုက်ပါ။ ဝတ်ပြီးသားအင်္ကျီကို မလျော်ဖွပ်ဘဲ ချွေးနံ့ နံနံကြီးနဲ့ ပြန်ဝတ်မယ်ဆိုရင် လူကြားထဲ သွားလာတဲ့အခါ မိမိကိုယ်မိမိ ယုံကြည်ချက်တွေ ပျောက်ဆုံးသွားပါလိမ့်မယ်။

ဆွဲဆောင်မှု လျော့ကျခြင်း

Source: Shutterstock

တစ်ပတ်လုံးနေမှ တစ်ခေါက်ပဲ ရေချိုးမယ်ဆိုရင်တော့ ချွေးနံ့တွေ လှိုင်လှိုင်ထွက်နေတဲ့ သင့်အနားကို ဘယ်သူမှ ကပ်ချင်မှာမဟုတ်ပါဘူး။ လူအများနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ ကိုယ့်အတွက်ပဲ မကြည့်ဘဲ သူတစ်ပါးအတွက်လည်း ထည့်စဉ်းစားပေးရမှာပါ။ ကိုယ့်ရဲ့ ကိုယ်နံ့က သူတစ်ပါးအတွက် အနှောင့်အယှက်မဖြစ်စေဖို့ လိုပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိနေမယ်ဆိုရင်တော့ သင်ကိုယ်တိုင်လည်း ပေါ့ပါးလန်းဆန်းနေမှာဖြစ်သလို သင့်ရဲ့ပုံရိပ်ကလည်း အများအမြင်မှာ ကြည့်ကောင်းမှာပဲဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ ဆိုးကျိုးလေးတွေကို သိပြီဆိုရင် တစ်ကိုယ်ရည်သန့်ရှင်းမှုက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝအတွက် ဘာ့ကြောင့်အရေးကြီးသလဲဆိုတာ သိသွားကြပြီပေါ့နော်။ ကိုယ့်အနီးပတ်ဝန်းကျင်က သူငယ်ချင်း မိတ်ဆွေတွေကိုလည်း ကိုယ်သိထားတဲ့ဗဟုသုတအကြောင်းအရာလေးတွေ ပြန်လည်ဝေမျှရင်း တစ်ကိုယ်ရည်သန့်ရှင်းမှုရှိဖို့ လက်တို့လိုက်ကြပါဦး။