ဘယ်လိုနေရာပဲ ရောက်ရောက် ကိုယ်ဘယ်သူလဲဆိုတာ သိဖို့က သိပ်အရေးကြီးပါတယ်။ တိုးတက်အောင်မြင်ချင်လို့ပဲ ဖြစ်ဖြစ် ၊ ငြိမ်းချမ်းပျော်ရွှင်ချင်လို့ပဲ ဖြစ်ဖြစ် အခြေခံအစအနေနဲ့ ကိုယ်ဘာလုပ်ချင်တာလဲ ၊ ကိုယ်က ဘယ်လိုလူလဲဆိုတာ သိဖို့က အရင်ဆုံး လိုအပ်ပါတယ်။ ဒီလို သိမှပဲ ရှေ့ကို ဆက်ဖို့အတွက် နည်းလမ်းတွေ ရှာရတာ ပိုပြီး လွယ်ကူချောမွေ့မှာ ဖြစ်သလို ကိုယ်သွားမယ့်လမ်းကိုလည်း ပိုပြီး ပြက်ပြက်ထင်ထင် မြင်နိုင်မှာ ဖြစ်ပါတယ်။

Photo: Freepik

အနာဂါတ်နောက် လိုက်နေကြတဲ့ ငယ်တုန်းရွယ်တုန်းမှာ ကိုယ်တကယ်လုပ်ချင်တဲ့ အရာ တစ်နည်းအားဖြင့် Passion ရှိတဲ့အလုပ်ကို လုပ်နေတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေမယ်ဆိုရင် ရှေ့လျှောက် ဘဝလမ်းခရီးအတွက် ရည်မှန်းချက် ပန်းတိုင်တွေ ချနိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့အချိန်မှာ အောင်မြင်မှုစင်မြင့်ပေါ်မှာ မြင်တွေ့နေရတဲ့ သူတွေကို မေးကြည့်မယ်ဆိုရင်လည်း သူတို့ဟာ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာကို သေချာသိတဲ့သူတွေဆိုတာ တွေ့ရမှာပါ။

ကိုယ်လုပ်ချင်တာကို တကယ်သိခြင်းအားဖြင့် စိတ်လေလွင့်မှု နည်းလာပါတယ်။ အခန့်မသင့်လို့ ရှုံးနိမ့်လဲပြိုမှုတွေ ကြုံလာတယ်ဆိုရင်တောင် ကိုယ့်အတွင်းက လာတဲ့ ထက်သန်တဲ့စိတ်ဟာ နောက်တစ်ကြိမ် ရုန်းထဖို့အတွက် လောင်စာအဖြစ် ပံ့ပိုးပေးနိုင်ပါလိမ့်မယ်။ နောက်တစ်ခုက ကိုယ်တကယ်လုပ်ချင်တဲ့အရာနောက် စိုက်လိုက်မတ်တပ် ကြိုးစားနေသူဟာ ကိုယ်မကြိုက်ဘဲ စိတ်အဆင်းရဲခံပြီး အလုပ်လုပ်နေသူထက် ပိုပြီး စိတ်ချမ်းသာပါတယ်။

စိတ်ကူးသစ်တွေ ၊ မျှော်လင့်ချက်တွေနဲ့ ရှေ့ရေးအတွက် ရင်ခုန်စိတ်လှုပ်ရှားမှုတွေကြောင့် ဘဝဟာ အမြဲဆိုသလို နိုးကြားသက်ဝင်နေပါတယ်။ ကိုယ်အားသန်ပြီး မွေ့လျော်တဲ့ ပညာရပ်နယ်ပယ်တွေမှာ တကယ်အလုပ်လုပ်ရသူတွေဟာ ပညာရှင်ဖြစ်လာပါတယ်။ ကိုယ်တကယ်စိတ်ဝင်စားပြီး ဝါယမစိုက်နိုင်တဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ရတဲ့သူတွေဟာ လူတော်တွေ ဖြစ်လာပါတယ်။

Photo: Freepik

ကိုယ်တကယ်ဖြစ်ချင်တဲ့ ဘဝက ဘာလဲ။ ကိုယ့်အားသာချက်နဲ့ ထူးခြားမှုက ဘယ်အပိုင်းတွေလဲ။ ကိုယ်က ဘယ်လိုလူလဲ။ ကိုယ်က ဘယ်လိုနယ်ပယ်တွေမှာ ကြီးပွားနိုင်သလဲဆိုတာဟာ ကိုယ့်ကိုယ်ကိုယ် သေချာပေါက် မေးရမယ့် မေးခွန်းကြီးတွေ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေဟာ ဘဝနဲ့ ဆိုင်တဲ့ မေးခွန်းတွေဖြစ်သလို ဘဝကို ပုံဖော်နိုင်တဲ့အစွမ်းတွေလည်း ရှိပါတယ်။