ဘာစီလိုနာဂန္တဝင်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ စပိန်ဥပဒေကြောင်းအရ ဘာစီလိုနာအသင်းအတွက် တပြားမှ မယူဘဲ ကစားပေးမယ်ဆိုရင်တောင် တရားဝင်ဥပဒေအရ မဖြစ်နိုင်တာကြောင့် ကစားပေးနိုင်မှာမဟုတ်ပါဘူး။ဘလွန်းဒီအော် ၆ ဆုရှင်ဟာ နူးကမ့်မှာ ကာလရှည် ဆက်ရှိနေဖို့အတွက် ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုမယ့် စာချုပ်သစ်မှာ လစာ ၅၀ ရာခိုင်နှုန်းအထိ လျှော့ယူဖို့အတွက် ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါရဲ့ ကစားသမားမှတ်ပုံတင်ခြင်း စည်းမျဉ်းစည်းကမ်းတွေကြောင့် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ပြုလုပ်ခဲ့တဲ့ ဝမ်းနည်း ကြေကွဲဖွယ် သတင်းစာရှင်းလင်းပွဲအတွင်း အသက် ၃၄ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးက စာချုပ်သစ် ချုပ်ဆိုတဲ့အချိန်မှာ ပိုက်ဆံပိုပေးဖို့အတွက် ဘယ်တုန်းကမှ မတောင်းဆိုခဲ့ဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။

Lionel Messi said he did not want to leave Barcelona in an emotional farewell news conference on Sunday.

Photo: cnbc

“ကျွန်တော့် လစာကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် သူတို့တွေ တခြား ဘာမှ မမေးခဲ့ပါဘူး။ ကျွန်တော်က နောက်ထပ် ၃၀ ရာခိုင်နှုန်း ပိုတောင်းတယ်ဆိုတဲ့ သတင်းတွေက အလိမ်အညာတွေပါ။ လူတွေတော်တော်များများ ပြောနေကြတာတွေက မမှန်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ Daily Mirror ရဲ့ ကလောင်ရှင် ကောလင်း မီလာက မက်ဆီသာ အသင်းကို အရမ်းချစ်တယ်ဆိုရင် ဘာစီလိုနာအတွက် တပြားမှ မယူဘဲ ကစားပေးလို့ရတာပဲဆိုတဲ့ ပရိသတ်တစ်ဦးရဲ့ ပြောကြားမှုကို ငြင်းပယ်ခဲ့ပါတယ်။ မီလာရဲ့ ဖော်ပြချက်အရ စပိန်ဥပဒေမှာ ငွေကြေးခဝါချခြင်းကနေ ကာကွယ်ဖို့အတွက် ကစားသမားတစ်ဦး စာချုပ်သစ် ချုပ်ဆိုမယ်ဆိုရင် ယခင် ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါ လစာရဲ့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းအထိ အနည်းဆုံးထား ချုပ်ဆိုဖို့ လိုအပ်တယ်လို့ သိရပါတယ်။

Lionel Messi

Photo: maxbetsport

“မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းအတွက် တပြားမှမယူဘဲ အလကား ကစားပေးဖို့က ဥပဒေကြောင်းအရ လုံးဝ မဖြစ်နိုင်ခဲ့ပါဘူး။ ဘယ်လို စာချုပ်သစ်မဆို စပိန်ဥပဒေအရ အနည်းဆုံး အရင်ရခဲ့တဲ့ လစာရဲ့ ၅၀ ရာခိုင်နှုန်း ရှိဖို့ လိုအပ်ပါတယ်။(ငွေကြေးခဝါချခြင်းကနေ ရှောင်လွှဲနိုင်အောင် ပြဌာန်းထားတာပါ”လို့ မီလာက ၎င်းရဲ့တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ လက်ရှိ တင်ရှိနေတဲ့ ကြွေးမြီပမာဏဟာ ပေါင် ၁ ဘီလီယံဝန်းကျင် ရှိနေပြီး Financial Times ရဲ့ဖော်ပြချက်အရ မက်ဆီရဲ့ လစာဟာ ဥက္ကဌဟောင်း ဘာတိုမြူလက်အောက်မှာ ၃ ဆအထိ မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း ယူရို ၅၅၅ သန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ဘာစီလိုနာဥက္ကဌ ဂျိုအန် လာပေါ်တာကလည်း ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ဖြစ်ပွားနေတဲ့ ၂၀၂၀-၂၀၂၁ ရာသီအတွင်း ဘာစီလိုနာအသင်းဟာ ပေါင် ၄၁၂ သန်းလောက် ဝင်ငွေဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။