Relationship တစ်ခုကြာရှည်တည့်တန့်ဖို့ ဆိုတာမလွယ်ကူသလို ဒီလိုအချိန်တွေအကြာကြီးလက်တွဲခဲ့ပြီမှ ဘာကြောင့် လမ်းခွဲပြတ်စဲ လိုက်ကြတာလည်းဆိုတာ တကယ်ကိုအဖြေရှာရ ခက်တဲ့ပုဒ်စာတစ်ပုဒ်ပါ။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ချစ်ရတဲ့သူနဲ့တော့ ထာဝရသက်ဆုံးတိုင် နေချင်ကြတာချည်းပါပဲ။ သင်ဟာ လက်ရှိအချိန်အကြာကြီးတည်ဆောက်ထားတဲ့ Relationship တစ်ခုပိုင်ဆိုင်ထားသည်ဖြစ်စေ အခုမှ Relationship တစ်ခုစတင်မယ့် သူတစ်ယောက်ဖြစ်စေ ကိုယ်ချစ်ရသူနဲ့ ကျောမခိုင်းချင်ဘူး ဆိုရင်တော့အခုပြောပြမယ့် အချက်လေးတွေကို ရှောင်ကြဉ်ဖို့ သတိပြုရပါမယ်။

(၁) မပျော်ရွှင်ကြတော့တဲ့အခါ

Source : HelpGuide.org

Relationship တစ်ခုစတင်ချိန်ဟာ ရင်ခုန်စရာပျော်စရာတွေနဲ့ ပြည့်နှက်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့ အမျှပျော်ရွှင်မှု ပျောက်ဆုံးသွားတာမျိုး မဖြစ်ပါစေနဲ့။ အချိန်ကာလာတစ်ခု ကြာလာတာနဲ့ အမျှ မပြေလည်မှုပြဿနာတွေဆိုတာ ကြုံရစမြဲပါ။ ဒီလို ပြဿနာတွေ ကြုံလာတိုင်း စိတ်ပျက်လာတာမျိုး ရှေ့မဆက်ချင်သလိုဖြစ်လာတာမျိုးတွေ အတက်နိုင်ဆုံးရှောင်ကြဉ်ပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်ခွင့်လွှတ်ကာ ကြီးတဲ့ပြဿနာသေးအောင် သေးတဲ့ပြဿနာပပျောက်အောင် ညှိယူကြရမှာဖြစ်ပါတယ်။

(၂) ဂရုစိုက်မှုတွေလျော့လာတဲ့အခါ

Source : Inc.com

ချစ်သူတွေ စဖြစ်တဲ့အချိန်မှာ ဘယ်သွားသွားဘာလုပ်လုပ် သတိတရ SMS လေးပို့တယ် ဖုန်းခေါ်တယ်။ ညဘက်တွေလည်း အွန်လိုင်းပေါ်ကနေစကားတွေ အကြာကြီးပြောဖြစ်ကြတယ်။ ဒါပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ အရင်ကထက် ပိုမိုတည်ငြိမ်လာတက်ကြပြီး ဖုန်းခေါ်ဆိုတဲ့အကြိမ်အရေတွေ လျော့လာတာမျိုး SMS ပို့တဲ့အစောင်အရေ နည်းလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဘယ်လိုအကြောင်းနဲ့ပဲ ဖြစ်ဖြစ် ဒီလိုဂရုစိုက်မှု လျော့လာတယ်ဆိုတဲ့ ခံစားချက်မျိုး မဖြစ်စေဖို့ ဂရုစိုက် သင့်ပါတယ်။

(၃) မုသားတွေများလာတဲ့အခါ

Source : seedpsychology.com.au

အချိန်အကြာကြီးတွဲလာလေလေ တစ်ယောက်အကြောင်း တစ်ယောက်ပိုပြီးသိလေပဲ ဖြစ်ချင်ကြတာပါ။ လိမ်ညာမှုတွေ မုသားတွေကိုတော့ လိုချင်ကြမှာမဟုတ်ပါဘူး။ ဒါကြောင့် အသေးအမွှားကိစ္စလေးတွေကအစ ကိုယ့်ချစ်သူအပေါ်မုသားပါတဲ့ စကားမျိုးတွေ မပြောမိဖို့သတိထားရမှာဖြစ်ပါတယ်။ တစ်ကြိမ် နှစ်ကြိမ်သာ လိမ်လိုက်ပေမယ့်လည်း ဘယ်တော့များထပ်လိမ်ဦးမလဲဆိုတဲ့ သံသယစိတ်တွေ ဖြစ်လာတတ်ပါတယ်။ လူစိတ်ဆိုတာ ကွဲသွားတဲ့ဖန်ခွက်တစ်လုံးကို ပြန်ဆက်ထားသလိုပါ။ ဖန်ကွဲစတွေအားလုံး ပြန်ဆက်လို့ ရပေမယ့် အက်ကွဲရာတွေကတော့ ဘယ်တော့မှ ပျောက်သွားမှာမဟုတ်တာကြောင့် အတတ်နိုင်ဆုံး မုသားတွေ လိမ်ညာမှုတွေ ရှောင်ကြဉ်ပါ။

(၄) အပြန်အလှန်လေးစားမှု မရှိတော့တဲ့အခါ

Source : nathalie.laugier.me

အချိန်တွေအကြာကြီးတွဲလာတဲ့ တစ်ယောက်နဲ့တစ်ယောက် အရင်ကထက် ပိုမိုရင်းနှီးလာကြပါတယ်။ တစ်ခုသတိထားရမှာက ပိုရင်းနှီးလာတာနဲ့ လေးစားမှုလျော့လာတာတော့ မတူဘူးဆိုတာပါပဲ။ တစ်ယောက်ကိုတစ်ယောက် အမြဲတမ်းလေးစားမှုလေးတော့ ထားတတ်ရပါတယ်။ ဥပမာအားဖြင့် ကိုယ်က လက်ရှိမှာ ဝင်ငွေကောင်းတဲ့အလုပ်တစ်ခုလုပ်နေပြီ ကိုယ့်လက်တွဲဖော်က ကိုယ်ဝင်ငွေတစ်ဝက်လောက်ပဲရှိတယ်ဆိုပါစို့။ သူရဲ့ ဝင်ငွေနဲ့ ပတ်သတ်ပြီး လှောင်ပြောင်စနောက်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်အမြဲကူညီဖေးမပြီး လေးစားမှုအပြန်အလှန်ထားသင့်ပါတယ်။