အလုပ်တစ်ခုပြုလုပ်ရာမှာ စိတ်ရှည်ခြင်းသည် မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ပရော်ဖက်ရှင်နယ်ဆန်ဆန် အလုပ်လုပ်ကိုင်တဲ့အခါ ပိုလိုအပ်ပါတယ်။

ဆိုကြပါစို့။ သင်သည် အစည်းအဝေးမှာတင်ပြဖို့အတွက် ရီပို့တစ်ခုကို တင်ပြဖို့ လိုအပ်နေတယ်။ ထိုရီပို့ရေးဖို့ကို အခြားတစ်ယောက်ကို ခိုင်းထားပြီး ထိုသူသည် အချိန်မှီ မအပ်တဲ့အခါ သင်သည် စိတ်ပူပန်လာပြီး သင့်ရဲ့စိတ်ရှည်မှုသည်လည်း တစ်စ တစ်စ လွှင့်ပါးသွားကာ နောက်ဆုံးမှာ ထိုသူကို အော်ဟစ်ဆူပူပွဲကြမ်းပစ်လိုက်တာမျိုးဖြစ်နိုင်ပါတယ်။

တစ်ဖက်က တာဝန်လစ်ဟင်းတာ မှန်ပေမယ့် ကိုယ့်ရဲ့စိတ်ရှည်မှုက လွတ်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်တဲ့အခါ ကိုယ့်ရဲ့ပုံရိပ်သည်လည်း ထိခိုက်သွားပါပြီ။ သင်တို့နှစ်ဦးကြားက ဆက်ဆံရေးသည်လည်း ထိခိုက်သွားမှာအမှန်ပါပဲ။

ဒီဆောင်းပါးလေးထဲမှာတော့ ကိုယ့်ရဲ့ပရော်ဖက်ရှင်နယ်အလုပ်အတွက် ကျင့်သုံးသင့်တဲ့ စိတ်ရှည်ခြင်းအမျိုးအစား (၃) မျိုးကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

လူတစ်ယောက်နဲ့ တစ်ယောက်ကြား စိတ်ရှည်တတ်ခြင်း

Why Patience is Important in Life and Work

အခြားသူတွေက သင့်ထက် သွက်သွက်လက်လက်မရှိတာမျိုး၊ ချက်ဆို နားခွက်က မီးမတောက်တာမျိုးတွေ ရှိတတ်ပါတယ်။ သင့်ကို စိတ်မရှည်စေတဲ့ အခြားသူရဲ့အမူအကျင့်တွေလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ သူတို့က နှေးလို့၊ ကိုယ့်ရဲ့အကျင့်စရိုက်နဲ့ မတူလို့ဆိုပြီး စိတ်တိုဒေါသထွက်နေလို့မရပါဘူး။ ဒေါသထွက်နေမယ်ဆိုရင် သင့်အတွက်လည်း အကျိုးမရှိသလို အခြေအနေကိုလည်း ပိုမိုဆိုးရွားလာစေမှာပါ။

ဒီလိုအခြေအနေမျိုးမှာ စိတ်ရှည်တတ်ဖို့ဆိုရင် သင့်အနေနဲ့ အခြားသူကို ကိုယ်ချင်းစာတတ်ဖို့၊ EQ မြှင့်မြှင့်ထားတတ်ဖို့နဲ့ အခြားသောပြောပြတဲ့အခါ သေသေချာချာနားထောင်တတ်ဖို့တို့ လိုအပ်ပါလိမ့်မယ်။

ခက်ခဲကြမ်းတမ်းသောအခြေအနေများနှင့် ကြုံတွေ့ရတဲ့အခါ စိတ်ရှည်တတ်ခြင်း

Why Patience is Important in Life and Work

ရာထူးတိုးဖို့ စောင့်ဆိုင်းနေရတာ စိတ်မရှည်တော့ဘူးလား (သို့) ဆေးကုသမှု ခံယူရာမှာ ထိရောက်မှုသိပ်မရှိလို့ စိတ်မရှည်ဖြစ်နေပါသလား။ ဘဝမှာ ခက်ခဲကြမ်းတမ်းမှုတွေက တစ်ကွေ့မဟုတ် တစ်ကွေ့ကြုံတွေ့နေရမှာဖြစ်ပါတယ်။ ဘယ်လိုကြမ်းတမ်းတဲ့အခြေအနေပဲဖြစ်နေပါစ စိတ်ရှည်တတ်ဖို့လိုအပ်ပါလိမ့်မယ်။

ရာထူးကလည်း မတိုးနိုင်ဘူးဆိုပြီး စိတ်မရှည်လို့ အလုပ်ထွက်လိုက်ရင် သင်ပဲ နစ်နာရမှာပါ။ အခြေအနေမကောင်းရင် အကုန်လုံးကို တစ်ကနေ ပြန်စရပါလိမ့်မယ်။ ဒါ့ကြောင့် မိမိရှိတဲ့နေရာမှာ အကောင်းဆုံးကြိုးစားပြီး အခက်အခဲများကို ရင်ဆိုင်ကျော်လွှားတတ်ဖို့လိုပါလိမ့်မယ်။

နေ့စဉ်ကြုံတွေ့နေရတဲ့ အသေးအဖွဲအရာများအတွက် စိတ်ရှည်တတ်ခြင်း

Why Patience is Important in Life and Work

ရုံးက နောက်ကျနေပြီး ကားလမ်းကလည်း တစ်ချိန်လုံးပိတ်နေတာပဲဆိုပြီး စိတ်မရှည်ဖြစ်နေပါသလား။ ဒီလိုအသေးအဖွဲကအစ စိတ်မရှည်တတ်ဘူးဆိုရင်တော့ အရှေ့က ဖော်ပြခဲ့တဲ့အရာတွေကို သည်းခံနိုင်ဖို့ဆိုတာ ပိုဆိုးသွားပါလိမ့်မယ်။ စိတ်ရှည်ခြင်းသည် ဒီလိုအသေးအဖွဲလေးကအစ အစပြုပြီး ကိုယ့်ကိုယ်ကိုယ် ထရိန်းလုပ်မှသာလျှင် တည်ငြိမ်မှု၊ အေးချမ်းမှုကို ခံစားရမှာဖြစ်ပါတယ်။

တဖြည်းဖြည်းနဲ့ ထိုအလေ့အကျင့်ကို ကိုယ့်ရဲ့ပရော်ဖက်ရှင်နယ်အလုပ်အပေါ်မှာပါ အသုံးချလာတတ်မယ်ဆိုရင် လုပ်ငန်းနယ်ပယ်မှာလည်း နာမည်တစ်ခုရပြီး ပုံရိပ်ကောင်းတစ်ခု ဖန်တီးနိုင်မှာဖြစ်ပါတယ်။

Source: Mindtools.com

Featured Image Source: Wisdom Times