ဘားတချို့မှာ ဘီယာနဲ့မြည်းဖို့ မြေပဲတစ်ပန်းကန် Free ပေးတာတွေ့ဖူးမှာပါ။ ဆိုင်ကို လူပိုကျအောင်လို့ ဧည့်ခေါ်တဲ့အနေနဲ့ တည်ခင်းတာ ဖြစ်ပါတယ်။ မြေပဲလက်တစ်ဆုပ်ဟာ ဘယ်လောက်မှ ဈေးမရှိပေမယ့် ဘီယာနဲ့တော့ အပ်စပ်လှတဲ့ အမြည်းလို့ဆိုနိုင်ပါတယ်။
VinePair ဝက်ဘ်ဆိုက်ကတော့ ဘီယာဆိုင်တွေဟာ ဘာကြောင့် ခပ်ငံငံအမြည်းတွေ တည်ခင်းသလဲဆိုတာကို ပြောထားတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပုံမှန်အားဖြင့် ဆားလို့ ခေါ်ကြတဲ့ ဆိုဒီယမ်ကလိုရိုဒ်တွေ စားမယ်ဆိုရင် ဘီယာရဲ့အခါးဓါတ်ကို မြည်းတဲ့ ဦးနှောက်ထဲက Receptor လို့ခေါ်တဲ့ တုန့်ပြန်တစ်သျှူးတွေဟာ ယာယီအားနည်းသွားတယ်လို့ ဆိုပါတယ်။

Photo: mashed
ဘီယာမသောက်ခင်မှာ မြေပဲလက်တစ်ဆုပ်ကို စားကြည့်မယ်ဆိုရင် ဘီယာသောက်ရတာ ပိုကောင်းပြီး သောက်လို့လွယ်ကူစေတယ်လို့ ဆိုပါတယ်။ ဘီယာများများသောက်ဖြစ်တာကြောင့် ဘားတွေလည်း ဘီယာပိုပြီး တွင်တွင်ကျယ်ကျယ် ရောင်းရပါတယ်။ ဒီအကွက်ကို ဘီယာဆိုင်ရှင်တွေက သိလို့ အသုံးချတာဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်တစ်ခုက မြေပဲလှော်နဲ့ ဘီယာတွဲဖက် စားသုံးခြင်းဟာ ရေဓါတ်ပြည့်တင်းဖို့အတွက် ကောင်းပါတယ်။ လူ့ကိုယ်ခန္ဓာဟာ မာရသွန်လိုမျိုး ရေရှည်အားကစားလုပ်ချိန်မှာ ပိုတက်ဆီယမ်နဲ့ ဆားဓါတ်တွေ ကုန်ဆုံးပြီး ရေဓါတ်ဆုံးရှုံးလေ့ရှိပါတယ်။ မြေပဲတွေကတော့ ပိုတက်ဆီယမ်ကြွယ်ဝတဲ့အစားအစာ ဖြစ်ပါတယ်။

Photo: mashed
Lagers လို ဘီယာပျော့တွေမှာ ဗိုက်တာမင်နဲ့ ကာဗွန်ဟိုက်ဒရိတ်ဓါတ်တွေ ပါဝင်ပါတယ်။ တချို့ကျွမ်းကျင်သူတွေကဆို ဘီယာနဲ့ မြေပဲလှော်တွဲစားခြင်းဟာ အားကစားအချိုရည်တွေနဲ့ ရေရိုးရိုသောက်တာထက်တောင် ရေဓါတ်ပြည့်တင်းမှုအတွက် အကျိုးများမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဘီယာသောက်ပြီး အရက်နာမကျဖို့ဆိုရင် အမျှင်ဓါတ်မြင့်တဲ့ အစားအစာတွေ စားပေးရမှာပါ။
ဗိုက်တာမင်စီမြင့်မားတဲ့ အစားအသောက်ဟာ Hangover လက္ခဏာတွေကို တားဆီးပေးနိုင်ပါတယ်။ အမျှင်ဓါတ်မြင့်တဲ့ ပေါက်ပေါက်လို အစားအသောက်တွေကတော့ အယ်လ်ကိုဟောကို ဖြိုခွဲပေးပြီး စုပ်ယူတာကြောင့် သွေးထဲ အယ်လ်ကိုဟောရောက်မှုကို နှေးကွေးစေပါတယ်။ ဘာပဲဖြစ်ဖြစ် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း သင့်ရုံသောက်တာကတော့ ကျန်းမာရေးကို စောင့်ထိန်းရာရောက်ပါတယ်။
