ရိုးရိုးလေး ပြောမယ်ဆိုရင် ကိုယ့်ကိုယ်ကို သိခြင်း Self-Awareness ဆိုတာ ကိုယ့်ရဲ့ စရိုက်သဘာဝနဲ့ ခံစားမှုတွေပေါ် အသိစိတ်နဲ့ နေထိုင်တာ ဖြစ်ပါတယ်။ Self-Awareness ဟာ ရေရှည်ပျိုးထောင်ရတဲ့ စိတ်အလေ့အကျင့် ဖြစ်ပါတယ်။ ပြောဖို့ လွယ်သလောက် နက်နဲပြီး တကယ် Self-Awareness ရဖို့က ခက်ပါတယ်။

Self-Awareness မရှိဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် လုပ်ဖို့ မလွယ်ပါဘူး။ ကိုယ့်အားနည်းချက်ကို ကိုယ်မသိတာကလည်း Self-Awareness နည်းတာပါပဲ။ ကိုယ့်ကိုယ်ကိုယ် ဘယ်နားမှာ ပြုပြင်ရမလဲ မသိရင် ရှေ့လျှောက် တိုးတက်ဖို့ မလွယ်ပါဘူး။

Photo: lynda

ကိုယ့်ကိုယ်ကို ပိုသိလာမယ်ဆိုရင် ကိုယ့်အတွေးတွေ ၊ ခံစားချက်နဲ့ အပြုအမူတွေက ကိုယ့်ကို စီမံတာမျိုး မဟုတ်ဘဲ ကိုယ့်စိတ်ဆန္ဒနဲ့အတိုင်း ကိုယ်ဖြစ်စေချင်တဲ့ အတွေးနဲ့ အပြုအမူတွေ တွေးအောင် လိုသလို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ Self-Awareness ဟာ ရည်မှန်းချက် ပန်းတိုင်တွေ ချမှတ်ဖို့ ပထမဆုံး ခြေလှမ်းလည်း ဖြစ်ပါတယ်။

ကိုယ့်ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေ သိထားတဲ့သူဟာ ကိုယ့်ဘဝကို ဘယ်လိုပုံစံနဲ့ ရှေ့ဆက်သင့်တယ် ၊ ဘယ်လို ရည်မှန်းချက်တွေ ထားသင့်ပြီး အဲ့ဒီပန်းတိုင်တွေဆီ ရောက်ဖို့ ဘယ်လိုနည်းလမ်းတွေ သုံးသင့်တယ်ဆိုတာ သိမြင်လာပါလိမ့်မယ်။ ကိုယ့်ခံစားချက်နဲ့ လုပ်ရပ်တွေကို အသိစိတ်နဲ့ သိနေခြင်းဟာ တစ်ခြားသူတွေကို ပိုနားလည်လာစေပြီး ပိုအားကောင်းခိုင်မာတဲ့ ဆက်ဆံရေးရဖို့ အထောက်အကူ ဖြစ်ပါတယ်။

Photo: NBC News

Self-Awareness ကောင်းခြင်းဟာ ပြဿနာအားလုံးကို ဖြေရှင်းနိုင်တဲ့ ဖြေဆေးတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဘဝမှာ ကိုယ်ဘာတွေ လိုချင်တယ် ၊ ဘယ်လိုလူမျိုး ဖြစ်အောင် လုပ်မယ်ဆိုတာ ပြတ်ပြတ်သားသား မြင်အောင် ကူညီနိုင်ပါတယ်။ ကိုယ်ဘယ်သွားနေသလဲဆိုတာ မသိတဲ့ သူဟာ ဘဝရဲ့ အဓိပ္ပါယ်ပါ ပျောက်ဆုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

ကိုယ့်ဘဝအဓိပ္ပါယ်ကိုမှ မသိနိုင်တော့ရင် ဘဝဟာ ဘာမှ အရေးပါတော့မှာ မဟုတ်ဘူးလို့ ခံစားလာနိုင်ပါတယ်။ ကိုယ့်အကြောင်းကို သိခြင်းရဲ့ အားအကြီးဆုံး အရေးပါမှုကတော့ ကိုယ့်ကိုယ်ကို ပိုသိလာလို့ ပိုပြီး နှိမ့်ချတတ်လာမယ်။ မတော်မာနထားတာတွေ ၊ သိမ်ငယ်လွန်းတာတွေ မဖြစ်ဘဲ ပိုပြီး လွတ်လပ်လာပါလိမ့်မယ်။