Covid – 19 ရောဂါတွေ ကူးစက်ပြန့်ပွားနေတဲ့ လက်ရှိကာလမှာ ခန္ဓာကိုယ်ကျန်းမာအောင်နေဖို့က အလွန်ပဲအရေးကြီးပါတယ်။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဟာ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းရဲ့ အခြေခံအုတ်မြစ်လို့ပြောရင်မမှားနိုင်ပါဘူး။ သင့်အနေနဲ့ Stay Home ကာလမှာကျန်းမာစွာနေနိုင်ဖို့ တစ်ရက်ကို မိနစ် (၃၀)ခန့် ကိုယ်လက်လှုပ်ရှားမှု မဖြစ်မနေလုပ်ပေးသင့်ပါတယ်။

Source : Men’s Health

စိတ်ဖိစီးမှုလျော့ကျစေတယ် – ကျန်းမာခြင်းလို့ပြောလိုက်တာနဲ့ ခန္ဓာကိုယ်ကျန်းမာခြင်းအပြင် စိတ်ကျန်းမာခြင်းကိုပါထည့် စဉ်းစားသင့်ပါတယ်။ အခုလိုအကျပ်အတည်းကာလမှာ စိတ်ဖီစီးမှုတွေကို ခံစားရနိုင်ခြေများတာကြောင့် အတက်နိုင်ဆုံး စိတ်ဖိစီးမှုနည်းအောင်နေသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက စိတ်ဖိစီးမှုတွေလျော့ကျစေပြီး စိတ်ကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေပါတယ်။

ကိုယ်ခံအားကောင်းစေတယ် – ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းကြောင့် စိတ်ဖိစီးမှုတွေလျော့ကျလာတာနဲ့ အမျှ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ကောင်းမွန်လာမှာဖြစ်ပါတယ်။ ကိုယ်ခံအားကောင်းနေရင်တော်ရုံကူးစက်ရောဂါပိုးတွေနဲ့ ဖျားနာခြင်းတွေကို ခုခံကာကွယ်နိုင်မှာဖြစ်ပါတယ်။

အဝလွန်ခြင်းကိုကာကွယ်ပေးတယ် – အိမ်မှာနေတဲ့အချိန်အတွင်းမှာ ကိုယ်လက်လှုပ်ရှားမှုမရှိပဲ အိပ်လိုက်စားလိုက်လုပ်နေရင် ရက်ကြာလာတာနဲ့အမျှ ကိုယ်အလေးချိန်အဆမတန်မြင့်တက်လာမှာပါ။ အဝလွန်ခြင်းရဲ့ နောက်ကွယ်မှာ ကြောက်စရာကောင်းတဲ့ ကျန်းမာရေးပြဿနာတွေများစွာရှိပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကိုထိန်းပေးနိုင်ဖို့ရာ ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်သင့်ပါတယ်။

Source : Time Out Dubai

အိုမင်းရင့်ရော်ခြင်းကိုနှေးစေတယ် – အသက်ရှည်ကျန်းမာဖို့ ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပါဆိုတဲ့ စကားလေးကိုလူတိုင်းကြားဖူးကြမယ်ထင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းက ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကိုတိုးတက်ကောင်းစေပြီး အသက်ရှည်ခြင်း ကျန်းမာခြင်းတွေပိုင်ဆိုင်နိုင်မယ့်အပြင် အိုမင်းရင့်ရော်ခြင်းကိုလည်း ကာကွယ်ပေးတာကြောင့် နုပျိုမှုတွေကို အချိန်ကြာကြာဆက်ထိန်းထားပေးနိုင်မှာဖြစ်ပါတယ်။