“ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်”ဆိုတဲ့ စကားပုံတစ်ခု ရှိပါတယ်။ အပြောင်းအလဲတစ်ခုကို လက်ခံပြီး ကိုယ့်ဘက်က ပြင်ဆင်တတ်တဲ့သူတွေနဲ့ နေသာသလို နေရင်းနဲ့ သူလိုကိုယ်လိုဘဝက မတက်တဲ့သူတွေအကြောင်းကို စကားကျဉ်းကျဉ်း အဓိပ္ပါယ်ကျယ်ကျယ်နဲ့ သတိပေးထားတဲ့ စကားပုံပါ။

အခုခေတ်မှာ ထင်မထားတဲ့ အပြောင်းအလဲတွေ ၊ မကြုံဖူးတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို လူတိုင်းလိုလို ကြုံနေကြပါတယ်။ COVID-19 ကပ်ဘေးကြီး ဖြစ်လာပြီးနောက် ကျွန်တော်တို့ဟာ တစ်ခါမှ မစဉ်းစားဖူးတဲ့ လူနေမှုပုံစံသစ်နဲ့ နေထိုင်ရဖို့ ဖြစ်လာပါတယ်။ ကိုယ်မလုပ်ဖူးတဲ့ ပုံစံနဲ့ အလုပ်တွေ လုပ်လာရပါတယ်။

Photo: Freepik

New Normal ပုံစံသစ်နဲ့ အသားတကျနေနိုင်အောင် ကြုံလာတဲ့ အခက်အခဲနဲ့ စိန်ခေါ်ချက်တွေကို ရင်ဆိုင်ရတော့မှာပါ။ အခုလို လူမှုပုံစံသစ်မှာ အခက်အခဲတွေကို ရှောင်ပြေးမယ်ဆိုရင် အခွင့်အလမ်းတွေ အားလုံးလက်လွတ်ဆုံးရှုံးအောင် လုပ်နေတာနဲ့ အတူတူပါပဲ။ အတွေ့အကြုံသစ်တွေကို ရင်ဆိုင်ဖြေရှင်းမှသာ ပြောင်းလဲလာတဲ့ လူမှုပုံစံနဲ့ အလိုက်သင့်နေနိုင်ပြီး အကောင်းဆုံး ရှင်သန်သွားနိုင်မှာ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် အရင်လို သာတောင့်သာယာ သက်သက်သာသာ နေထိုင်ခဲ့တဲ့ လူနေမှုပုံစံကနေ ခေတ်စနစ်သစ်နဲ့ လိုက်ဖက်အောင် ဘယ်လိုနေရမလဲဆိုတာ အသည်းအသန်ကြံဆရတော့မှာပါ။ လူမှုဘဝပုံစံသစ်မှာ ကြုံလာမယ့်ပြဿနာအခက်အခဲတွေအတွက် ကိုယ်စွမ်းဉာဏ်စွမ်းကို အစွမ်းကုန်ထုတ်သုံးပြီး ကိုယ့်ရဲ့ ရှင်သန်ရေးအတွက် တည်ဆောက်ပြုပြင်မှုတွေ လုပ်ရတော့မှာ ဖြစ်ပါတယ်။

အခက်အခဲတွေကို စိန်ခေါ်ရင်ဆိုင်ခြင်းအားဖြင့် လဲကျတဲ့အခါတွေ ရှိမယ် ၊ ထမြောက်အောင်မြင်တဲ့အချိန်တွေလည်း ရှိမယ်။ ဘာပဲဖြစ်ဖြစ် ဘဝကို ပိုရင့်ကျက်မာကျောတဲ့ စိတ်နဲ့ ဖြတ်သန်းနိုင်မယ့် ခွန်အားနဲ့ ပညာရလာမှာပါ။ အခက်အခဲတွေကို ကိုယ်တိုင်ရင်ဆိုင်ရပြီးနောက် ကိုယ့်ခွန်ကိုယ်အားကို ပိုယုံကြည်မှုရှိလာပါလိမ့်မယ်။ ဒါဟာ ငွေကြေးနဲ့ စာအုပ်တွေက မပေးနိုင်တဲ့ အထူးကဲဆုံး စိတ်အဆင့်မြင့်တက်ခြင်းပဲ ဖြစ်ပါတယ်။

Photo: Freepik

ဒါကြောင့် အခက်အခဲတွေနဲ့ ကြုံလာချိန်မှာ ရင်ဆိုင်ဖြတ်သန်းဖို့ ပြင်ဆင်ပါ။ နေရိုးနေစဉ် ပေါ့ပေါ့တွေးတဲ့ ဘဝကနေ ခုန်ထွက်ဖို့ သတ္တိမွေးပါ။ လိုအပ်တဲ့ စွမ်းရည်နဲ့ ကျွမ်းကျင်မှုတွေ ဖြည့်ဆည်းထားပါ။ မိတ်ကောင်းဆွေကောင်းတွေနဲ့ ပေါင်းသင်းပါ။ ဒီနည်းနဲ့ လူမှုဘဝပုံစံသစ်ကို အကောင်းဆုံး ရင်ဆိုင်ဖြတ်သန်းလိုက်ပါလို့ အကြံပြုလိုက်ရပါတယ်။